ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး အစိုးရထံမှ အကူအညီ တောင်းမည်
ရခိုင်ပြည်နယ် မြောက်ဦးမြို့ မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် အစိုးရအဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ဖို့ ဒေသခံတွေ က တောင်းဆိုသွားမယ်လို့ သိရပါတယ်။
-
2014-10-15 -
-
-
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း ကာကွယ်နိုင်ရေးအတွက် အစိုးရအဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ဖို့ ဒေသခံတွေက တောင်းဆိုသွားမယ်လို့ သိရပါတယ်။
မြောက်ဦးမြို့ခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေက မနေ့က အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ် လို့ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းမြင့် က ပြောပါတယ်။
အစည်းအဝေးမှာ ရှေးဟောင်းယဉ်ကျေးမှုတွေကို အမှန်တကယ်မြတ်နိုးတန်ဖိုးထားတဲ့ တာဝန်ရှိသူတွေကို မြောက်ဦး မြို့ ရှေးဟောင်းသုတေသနဌာနခွဲမှာ တာဝန်ပေးချထားဖို့၊စက်တင်ဘာလကုန်ပိုင်းက ရှေးဟောင်းနန်းတော်ရာကုန်း တူးဖော်ရာကနေ ထွက်ရှိလာတဲ့ မြေစာတွေကို စစ်တွေ-ရန်ကုန် ကားလမ်းမတိုးချဲ့ဖို့ အသုံးပြုနေရာမှာ ရှေးဟောင်း အထောက်အထားတွေ ပါရှိနေတဲ့အတွက် အဲဒီမြေစာတွေကို ပြန်လည်စိစစ်ပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၄ ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဒေသခံတွေပါဝင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖွဲ့စည်းသွားဖို့လည်း ဆုံးဖြတ်ခဲ့ကြပြီး မြို့ခံတွေက ပြည်နယ်အစိုးရအဖွဲ့ကို မကြာခင် တင်ပြသွားမယ်လို့လည်း သိရပါတယ်။