ဓာတုဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အနည်းဆုံး လူ ၄ဝ လောက် ဆေးရုံတင်ထားရ
2023.01.12

ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက် အုတ်ကျင်းဘူတာရုံလမ်းက ရေခဲ၊ ရေသန့်စက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ရပ်ကွက်အတွင်း နေထိုင်သူ အနည်းဆုံး အယောက် ၄ဝ လောက် ဆေးရုံတွေ ပို့ဆောင်ထားရတယ်လို့ အဲဒီနေရာမှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
ဓာတ်ငွေ့ရှုရှိုက်မိလို့ အသက်ရှုကြပ်တာနဲ့ နှလုံးရောဂါရှိသူတွေ စိုးရိမ်ထိတ်လန့်ပြီး သတိလစ်မေ့လဲတာတွေရှိတယ်လို့ အဲဒီနေရာမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ရွှေရောင်သမိုင်းအရေးပေါ်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင် က ပြောပါတယ်။
“လောလောဆယ် သိထားသလောက်က လူနာအယောက် ၄ဝနဲ့အထက်ကိုတော့ မြောက်ဥက္ကလာဆေးရုံ၊ အင်းစိန်ဆေးရုံနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါနိုင်ပါတယ်၊ အဲဒီကထွက်လာတဲ့ အမိုးနီးယားဓာတ်ငွေ့ရဲ့ အနံ့တွေကို ပတ်ဝန်းကျင်မှာ နေတဲ့ပြည်သူတချို့ ရှုရှိုက်မိကြတာပါ။ ဆေးရုံတင်ထားသူတွေ စိုးရိမ်စရာမရှိတော့ပါဘူး။”
ဇန်နဝါရီ ၁၂ ရက် ည ၈နာရီကျော်မှာ ဓာတ်ငွေ့တွေ စတင်ပျံ့နှံ့လာတာဖြစ်ပြီး စက်ရုံအနီးအနား နေထိုင်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြရင်း လူစုလူဝေးဖြစ်သွားခဲ့ပါတယ်။
ဓာတုဓာတ်ငွေ့ရှုရှိုက်မိတာကြောင့် အဓိက ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းသူတွေ အသက်ရှုကြပ်တာ၊ မွှန်ထူပြီး အောက်ဆီဂျင်အရေးပေါ်လိုအပ်တဲ့အခြေအနေတွေ ဖြစ်ခဲ့တယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှုကို ည ၁၁ နာရီကျော်မှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။