ပြည်ပရောက် မြန်မာနိုင်ငံသားတချို့ မနက်ဖြန် မြန်မာနိုင်ငံ ပြန်မည်
2011.09.10

အဲဒီ ပြန်လာမယ့်သူတွေထဲမှာ ‘သီးလေးသီး’ လို့ နာမည်ကျော်ကြားတဲ့ သီးလေးသီး ဆေးရောင်စုံအဖွဲ့က လူရွှင်တော်တွေ ဖြစ်တဲ့ ဦးဂေါ်ဇီလာ၊ ဦးစိန်သီး၊ ဦးဇီးသီးနဲ့ မင်းသမီး ချောစုမျိုးတို့လည်း ပါဝင်မယ်လို့ သီးလေးသီးအဖွဲ့ဝင် ဦးစိန်သီးက ပြောပါတယ်။
အခုလို မြန်မာနိုင်ငံကို ပြန်သွားမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဦးစိန်သီးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ ဦးစိန်သီးက
“သမ္မတ ဦးသိန်းစိန်ကလည်း ပြန်လာခွင့်ပေးတယ်။ ပေးတဲ့အချိန်မှာ ကျနော်တို့က ကျနော်တို့ ယုံကြည်ချက်တွေနဲ့ ကျနော်တို့ကပြန်တာ။ အနုပညာကို ကျနော်တို့ ပြည်တွင်းမှာ တင်ပြပြီးသွားသလို ပြည်ပမှာလည်း ကျနော်တို့က တင်ပြချင်တယ်။ အဲဒါကြောင့် ကျနော်တို့က ပြည်ပမှာလည်း ကျနော်တို့ အနုပညာကို တင်ပြပြီးသားဖြစ်တဲ့အတွက် ပြည်တွင်းထဲမှာ ကျနော်တို့က ပြန်ပြီး တင်ပြချင်လို့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ပြည်တွင်းထဲကို ကျနော်တို့ ပြန်ဝင်တာပါ။”
သီးလေးသီး အဖွဲ့နဲ့အတူ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတချို့လည်း အဲဒီလေယာဉ်နဲ့ ပြန်လည် လိုက်ပါလာဖို့ ရှိတယ်လို့ ပြောပါတယ်။
သီးလေးသီးအဖွဲ့ဝင်တချို့ အခုလို ပြည်တွင်းကို ပြန်ပေမယ့် လူရွှင်တော် ကိုပန်းသီးကတော့ မပြန်သေးဘဲ သူတို့ရဲ့ဆရာ လူရွှင်တော် ကိုဇာဂနာ လွတ်မြောက်မှသာ ပြန်မယ်လို့ ပြောပါတယ်။