မြန်မာစစ်တပ်ကို ကာကွယ်ပေးရာရောက်တဲ့ လုပ်ရပ်တွေ ရပ်ဖို့ အာဆီယံကို AI တောင်းဆို

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.06.17

အာဆီယံအဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ ဦးဆောင်သူနေရာက ပါဝင်ဖို့ ဆုံးဖြတ်ထားပေမယ့်၊ လက်တွေ့မှာ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ တိုးတက်မှု မရှိတဲ့အပြင် အာဆီယံဟာ အာဏာသိမ်း စစ်ကောင်စီကို အကာအကွယ်ပေးရာရောက်တဲ့ လုပ်ရပ်အချို့ကို လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။

အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူ ရှိနေတာဟာ စစ်ကောင်စီအတွက် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်ဖို့ အကြောင်းပြချက် ဖြစ်လာနေပြီး၊ အာဆီယံအဖွဲ့ကြီးရဲ့ ယုံကြည်လေးစားခံထိုက်မှုကို လျော့ကျလာကြောင်းနဲ့ အခုဆိုရင် မြန်မာပြည်သူ သန်းပေါင်းများစွာဟာ အာဆီယံအဖွဲ့အပေါ်မှာ ယုံကြည်မှု ပျက်ပြားလာနေတယ်လို့ Amnesty International အဖွဲ့က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ကာလီတန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခဦးထွန်းမြင့်ကတော့ အာဆီယံရဲ့ မပြတ်သားတဲ့ လုပ်ဆောင်ချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သဘောတူညီမှုမရတဲ့ အခြေအနေကိုလည်း ပြနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က အာဆီယံ အထွေထွေ အတွင်းရေးမှုးနဲ့ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ကို ကြည့်ရင် အာဆီယံ ထိပ်သီးအစည်းအဝေးက ချမှတ်လိုက်တဲ့ သဘောတူညီချက် ငါးချက်ဟာ အောင်မြင်မှုမရှိတာကိုတွေ့နိုင်တယ်လို့ Amnesty International အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

MfKxbUi_A_cGhY8uWhQ_20210604_153925_7801492-715x400.jpg
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusofနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဇွန်လ ၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။

လက်ရှိ အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအကြပ်အတည်းအတွက် ရပ်တည်ချက်တွေဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရက လိုလားတဲ့ လမ်းကြောင်းနဲ့ ကွဲလွဲနေတယလို့ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ပြောကြားခဲ့ပါတယ်။

အာဆီယံအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ NUG အစိုးရနဲ့ တရားဝင်ထိတွေ့ဆက်ဆံတာ မလုပ်ဘဲ အာဏာသိမ်း စစ်ကောင်စီနဲ့ပဲ ထိတွေ့ဆက်ဆံနေတာဟာ အာဏာရှင်အစိုးရကို အသိအမှတ်ပြုတဲ့ သဘောသက်ရောက်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

စင်္ကာပူနိုင်ငံက မြန်မာ့အရေး သုတေသီ ဒေါ်မိုးသူဇာကတော့ အာဆီယံဟာ မြန်မာ့အရေးမှာ ပါဝင်ဖြေရှင်းနိုင်ဖို့ အာဏာသိမ်း စစ်ကောင်စီကို မလွှဲမရှောင်သာလို့ ဆက်ပြီးထိတွေ့ ဆက်ဆံနေရာတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ အကြပ်အတည်းအပေါ် အာဆီယံအဖွဲ့ကြီးရဲ့ လုပ်ဆောင်ချက်တွေဟာ အားနည်းချက်ရှိနေပေမယ့်၊ အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဆက်ပြီးရှိနေဦးမယ်လို့ ISP Myanmar က ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

aseanq.jpg
ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံအရေးပေါ်အစည်းအဝေး။(Photo: AFP)

ဧပြီလ ၂၄ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ချမှတ်လိုက်တဲ့ သဘောတူညီချက် ငါးချက်မှာ မြန်မာနိုင်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို နှစ်ဖက်လုံးက ရပ်တန့်ဖို့ဆိုတဲ့ အချက်ပါဝင်ပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုတွေ ရှိလာမှ အဲဒီ သဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်မယ်လို့ အာဆီယံ အစည်းအဝေးက ပြန်ရောက်တာနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့အချိန်အထိ အာဏာသိမ်းစစ်ကောင်စီကနေ အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ ဖမ်းဆီးချုပ်နှောင်တာနဲ့ နိုင်ငံထဲကနေ ထွက်ပြေးစေတာစတဲ့ လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်နေတာဟာ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လှောင်ပြောင်နေတဲ့ သဘောသက်ရောက်တယ်လို့လည်း Amnesty International အဖွဲ့က ဝေဖန်ထားပါတယ်။

တစ်ဖက်မှာလည်း ဒီလိုစစ်ကောင်စီက အာဆီယံနဲ့ သဘောတူညီချက်တွေကို မလိုက်နာတာဟာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေနဲ့ အာဆီယံနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဖို့ တံခါးပွင့်လာတာဖြစ်တယ်လို့ ကာလီတန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဦးထွန်းမြင့်က သုံးသပ်ပါတယ်။

အာဆီယံ အဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ နိုင်ငံတကာတို့နဲ့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ အရပ်သားပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ပါဝင်ဖိအားပေးဖို့ လည်း Amnesty International အဖွဲ့က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Salai Albert
2021-06-18 03:17

ကျွန်​တော် ချင်းလူမျိုး မြန်မာပြည်သူတစ်​ယောက် အ​နေ နဲ့ အာဆီယံ ဥက္ကဌ နဲ့ အတွင်း​ရေး မှူး ကို ​​ြောချင်တာက မကူညီချင်ရင်​နေ ပါ လူမိုက်အား​ပေးလာမလုပ်နဲ့ ဒီ​​စစ်​ကောင်စီ အ​​ကြောင်းကို ခင်ဗျားတို့ ထက် ကျွန်​တော်တို့က ပိုသိတယ်