လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရှိဟု ဆို

အစိုးရထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ ဒီကနေ့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် ရှိတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ထုတ်ပြန်ပြောဆိုပါတယ်။

2012.01.03
insein-prisoners5-b305 ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန် ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသားများကို စောင့်ကြိုနေသည့် မိသားစုဝင်များကို ရန်ကုန်မြို့ အင်းစိန် ထောင်ဘူးဝ ရှေ့တွင် တွေ့မြင်ရစဉ်။
Photo: RFA

နိုင်ငံရေးအကျဉ်းသား မိသားစုများ ကွန်ရက်ကတော့ သူတို့ရတဲ့စာရင်းအရ အကျဉ်းထောင် ၁၂ ခုက ဒီကနေ့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၂၃ ဦး ရှိတယ်လို့ ကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

“ကသာမှာက ကိုဇော်မင်းဦး (ခ) ကျော်ညွန့်၊ ပဲခူးမှာက ဆရာရဲ၊ ပြည်က ဦးအောင်ကျော်၊ ပူတာအိုထောင်က ဦးရဲမြင့်၊ ပုသိမ်ထောင်က ကိုအောင်ထွန်း၊ စစ်တွေထောင်က ကိုနေမျိုးနိုင်၊ ပြည်ထောင်က ဦးအောင်ကျော်၊ မြိတ်ထောင်က ကိုရဲညွန့်၊ တောင်ကြီးထောင်က မောင်ဘိ၊ ပုသိမ်ထောင်က ဇော်မျိုးထိုက်၊ မန္တလေးထောင်က ၁၁ ယောက်က စာရင်း မရသေးဘူး။ အားလုံးပေါင်း ၂၃ ယောက်”

မန္တလေးထောင်က လွတ်မြောက်သူတွေအနက် ကယန်းပြည်သစ်ပါတီက တွဲဘက်အတွင်းရေးမှူး ဦးစောလွင် (ခ) ဦးဌေးအောင်နဲ့ ၁၀ ဦးဟာ စီးပွားရေးနဲ့ပတ်သက်တဲ့ အမှုတွေအပြင် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အပြစ်ပေးခံခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသားမိသားစုများ ကွန်ရက်စာရင်းအရ ကသာ၊ ပဲခူး၊ စစ်တွေ၊ မြိတ်နဲ့ ပူတာအိုထောင်တွေက နိုင်ငံရေးအကျဉ်းသား တစ်ဦးစီ အသီးသီး လွတ်မြောက်ပြီး ပုသိမ်နဲ့ ပြည်ထောင်တွေက နှစ်ဦးစီ၊ အင်းစိန်က ၃ ဦး၊ တောင်ကြီးထောင်က ၄ ဦးနဲ့ တောင်ငူထောင်က ၈ ဦး အသီးသီး လွတ်မြောက်ခဲ့ပါတယ်။

ဒီကနေ့ ထောင်အသီးသီးကလွတ်မြောက်သူ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မပါတဲ့ ထောင်တွေ အများအပြားရှိတယ်လို့လည်း ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်ကနေ ဒီကနေ့ နိုင်ငံရေး အကျဉ်းသားအနည်းငယ် ပြန်လည် လွတ်မြောက်လာတဲ့အထဲမှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကြည်သန်း၊ နိုင်ငံရေး ပုဒ်မနဲ့ ကျခဲ့တဲ့ ကိုစောဆေးကလယ် တို့လည်း ပါဝင်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုရဲထက်က သတင်းပေးပို့ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

၈၈ မျိုးဆက် ကျောင်းသား ကိုကြည်သန်းဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင် အဖမ်းခံရပြီး (၅/၉၆-၄) (၅၀၅-ခ) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် (၉) နှစ် ချမှတ်ခံရကာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အင်းစိန် အကျဉ်းထောင်က လွတ်မြောက်လာတာပါ။ သူဟာ ဟင်္သာတမြို့မှာ ပညာဒါန ကျောင်းဖွင့်ပြီး ကလေးတွေကို စာသင်ပေးနေသူ တဦးလည်း ဖြစ်ပါတယ်။ ကိုကြည်သန်းကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မန္တလေးတိုင်း အိုးဘို အကျဉ်းထောင်ကနေ ဒီကနေ့ လွတ်လာသူတွေထဲမှာ အပစ်ရပ်စဲထားတဲ့ ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင် ခေါ် ရှေ့နေ ဦးဋ္ဌေးအောင်နဲ့ အဖွဲ့ဝင် ၉ ဦးပါဝင်ပါတယ်။ ဗိုလ်မှူးကြီး စောလွင်နဲ့ အဖွဲ့ဟာ ၂၀၀၇ ခုနှစ် ဧပြီလအတွင်းက ကယန်းပြည်သစ်ပါတီ ရုံးခွဲတစ်ခုဖြစ်တဲ့ ရမည်းသင်းမှာ ခေတ္တ တည်းခိုရင်း ဖမ်းဆီးခံရပြီး လက်နက်ဥပဒေအပြင် သွင်းကုန် ထုတ်ကုန် ဥပဒေတွေနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၀ နှစ်ပစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ ဗိုလ်မှူးကြီးစောလွင် ဟာ ၁၉၇၅ ကျောင်းသားလှုပ်ရှားမှုနဲ့ ပထမအကြိမ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ ရပါတယ်။ ဗိုလ်မှူးကြီးစောလွင်ကို ကိုဝင်းနိုင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။