အမေရိကန် အားကစား သံတမန်များ မြန်မာနိုင်ငံရောက်ရှိ

အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အမေရိကန်အခြေစိုက် နာမည်ကြီး ဘတ်စကက်ဘော အသင်းတွေဖြစ်တဲ့ အန်ဘီအေ (NBA) နဲ့ ဒဗလျူအန်ဘီအေ (WNBA ) တို့ ပူးပေါင်း စီစဉ်တဲ့ အားကစား သံတမန်အဖွဲ့တစ်ဖွဲ့ဟာ သြဂုတ်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ဒဂုံမြို့နယ် တော်ဝင်စင်တာ မြေညီထပ်တွင် အမေရိကန်အခြေစိုက် နာမည်ကြီး ဘတ်စကက်ဘောအသင်း ကစားသမားများက အခြေခံ ဘတ်စကက်ဘော နည်းစနစ်များကို သင်ကြားပြသနေစဉ်။
ဒဂုံမြို့နယ် တော်ဝင်စင်တာ မြေညီထပ်တွင် အမေရိကန်အခြေစိုက် နာမည်ကြီး ဘတ်စကက်ဘောအသင်း ကစားသမားများက အခြေခံ ဘတ်စကက်ဘော နည်းစနစ်များကို သင်ကြားပြသနေစဉ်။ (RFA)

ဒီခရီးစဉ်ဟာ သြဂုတ်လ (၂၆) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ (၆) ရက် ကြာမြင့်မှာဖြစ်ပြီး အားကစား သံတမန်တွေအဖြစ် အမေရိကန် အားကစား အသင်းဖြစ်တဲ့ ချားလော့ ဘောက်စ့်ကဒ် (Charlotte Bobcats ) အသင်းရဲ့ အထွေထွေ မန်နေဂျာ ရစ်ချတ်ချို (Richard Cho )၊ ဒဗလျူအန်ဘီအေ ကစားသမားဟောင်း အယ်လီဆင် ဖီစ်တာ ( Allison Feaster)၊ လော့အန်ဂျလိစ် လေကားစ် (Los AngelesLakers) အသင်းက လက်ထောက်နည်းပြနဲ့ အင်န်ဘီအေ ကစားသမားဟောင်း ဒါဗင်ဟမ် (Darvin Ham )တို့အပြင် အန်အင်ဘီအေ ကစားသမားဟောင်း မာတီကွန်လွန် (Marty Conlon ) ပါဝင်တဲ့ အဲဒီအဖွဲ့ဟာ သြဂုတ်လ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချယ် (Mr.Derek Mitchell) နဲ့အတူ ဒဂုံမြို့နယ်က တော်ဝင်စင်တာ မြေညီထပ်မှာ ဘက်စကက်ဘော စိတ်ဝင်စားသူ မြန်မာ လူငယ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံကာ အခြေခံ ဘတ်စကက်ဘော နည်းစနစ်များကို သင်ကြားပြသခဲ့ပြီးနောက် သတင်းစာ ရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါတယ်။

အမေရိကန် အားကစား သံတမန်တွေဟာ ဒီကနေ့ မင်္ဂလာတောင်ညွှန့်မြို့နယ်က သိမ်ဖြူ အားကစားကွင်းမှာ မြန်မာ့ခြင်းလုံး အားကစား သမားတွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့ ခြင်းခတ်နည်းကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

ချားလော့ ဘောက်စ့်ကဒ် (Charlotte Bobcats ) အားကစား အသင်းရဲ့ အထွေထွေမန်နေဂျာ ရစ်ချတ်ချိုဟာ မြန်မာနိုင်ငံမှာ မွေးဖွားသူတစ်ဦး ဖြစ်ပါတယ်။