ပြန်လည်လက်ခံရေးစခန်းတွေကို သံအမတ်တွေ သွားရောက်
2018.02.06

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူနိုင် ငံတွေက သံအမတ်ကြီးတွေဟာ မောင်တောမြို့နယ်က တောင်ပြိုလက်ဝဲ၊ ငခူရ ပြန်လည်လက်ခံရေး စခန်းတွေနဲ့ လှဖိုးခေါင်ကြားခံစခန်းကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။
ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး အခြေအနေတွေကို အဓိက လာရောက်လေ့လာတာဖြစ်တယ် လို့ မောင်တော ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး က ပြောပါတယ်။
"ဒီက ပြင်ဆင်ထားတဲ့ဟာ လာလေ့လာတာပဲ။ အဲဒါပဲလေ။ တခြားတော့ သီးခြားတော့ ကျနော် မတွေ့ဘူး။ စောစောကမှ သူတို့က ရောက်သွားပြီးတော့လေ နေ့လယ်စာ စား။ ပြီးရင် လှဖိုးခေါင်ရယ်၊ ငခူရရယ်၊ တောင်ပြိုရယ် သုံးနေရာတော့ သွားလိမ့်မယ်"
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းနဲ့ သံအမတ်ကြီးတွေဟာ ဒီနေ့မနက်က စစ်တွေလေဆိပ်ကနေ တဆင့် တပ်မတော်ရဟတ်ယာဉ်နဲ့ နေ့ချင်းပြန် သွားရောက်ကြတာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ ဘင်္ဂလားဒေ့ရ်ှသံရုံးက တာဝန်ရှိသူတွေလည်း အတူလိုက်ပါခဲ့ကြ ပါတယ်။
မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေနောက်ပိုင်း တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲနဲ့ ငခူရ နေရာနှစ်ခုကနေ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံ သဘောတူထားတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလက်ခံရေးစခန်းတွေကနေ ဒီနေ့အချိန်အထိ ဘယ်သူမှ ပြန်လာတာမရှိသေးပါဘူး။