ရိုက်တာသတင်းထောက်တွေ လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံ
2018.09.28
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ နာမည်ကျော် အမေရိကန် လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ အမားလ်ကလွန်းနီက ဒီနေ့ မေတ္တာရပ်ခံ လိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေစဉ် ကာလအတွင်း နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ ရှေ့နေ အမားလ်ကလွန်းနီက RFA လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်းအစီအစဉ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုပြောကြားတာပါ။
“ဒီသတင်းထောက်တွေကို တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပြီးနောက် သူတို့ရဲ့ မိသားစုတွေက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အသနားခံစာ တင်ပြထားပါတယ်၊ သမ္မတ ဦးဝင်းမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး သဘောတူညီချက်ရရင် သူတို့ကို လွှတ်ပေးနိုင်ပါတယ်
“ဒါကြောင့် မြန်မာအစိုးရက သူတို့တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်” လို့ အမားလ်ကလွန်းနီက ပြောပါတယ်။
တဆက်တည်းမှာပဲ အဲဒီ သတင်းထောက်တွေဟာ ဘာအပြစ်မှ မရှိပါဘူးလို့လည်း သူကပြောပါတယ်။
တကယ်တော့ ဒီအမှုဟာ ရခိုင်ပြည်နယ်မှာ လူ ၁ဝ ဦး ကွပ်မျက်ခံရတဲ့သတင်းကို လိုက်လံစုံစမ်းနေတဲ့ သတင်းထောက်တွေကို နှုတ်ပိတ်သွားစေဖို့ ကြိုးစားတဲ့အမှုသာ ဖြစ်ပါတယ်လို့ သူမကပြောကြားရင်း... အင်းဒင်ရွာမှာ အဲဒီရွာသားတွေကို ကြိုးနဲ့ချည် ခေါ်ဆောင်သွားပြီး အစိုးရတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တဲ့ အမှုဟာ အင်မတန်ထိတ်လန့်ဖွယ်ကောင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပါပဲလို့ မှတ်ချက်ချပါတယ်။
ဒါ့အပြင် အဲဒီလို လုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့တာကို မြန်မာအာဏာပိုင်တွေအနေနဲ့ ငြင်းဆိုနိုင်ခြင်း မရှိပါဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။
လူတွေကို အစုအပြုံလိုက် သတ်ဖြတ်မှုဟာ နိုင်ငံတော်လျှို့ဝှက်ချက် မဟုတ်သလို ဒီကိစ္စကိုဖော်ထုတ်တဲ့အတွက် သတင်းထောက်တယောက်ဟာ သူလျှိုတယောက် ဖြစ်မသွားဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကောင်းကောင်းသိပါတယ်လို့ သူက ပြောပါတယ်။ လက်ရှိအနေအထားမှာ ဒီသတင်းထောက် ၂ ဦး လွတ်မြောက်ရေးဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မူတည်နေပါပြီလို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန် စတင်ထမ်းဆောင်ချိန်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးဟာ သူမရဲ့ ဦးစားပေးအစီအစဉ် ဖြစ်တယ်လို့ ပြောဖူးပါတယ်။ မြန်မာပြည်က နိုင်ငံရေးအကျဉ်း သားတွေရဲ့ ဘဝကို တခြားသူတွေထက် ဒေါ်အောင်ဆန်းစုကြည် ပိုပြီးသိပါတယ်၊ ဒါကြောင့် ကျမတို့ သူ့ကို မေတ္တာရပ်ခံနေတာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။