အားလုံးပါဝင်လက်မှတ်ထိုးရေး ကိုးကန့်၊ ရခိုင်နဲ့ တအာင်း တပ်မတော်တွေ တောင်းဆို


2015.09.10
sd-theinsein-620.jpg အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သမ္မတ ဦသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ အဆင့်မြှင့်ညှိနှိုင်းရေးအဖွဲ့က ခေါင်းဆောင်တွေကို စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေး အတွက် လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်ကြဖို့ AA ရက္ခိုင့်တပ်မတော်၊ မြန်မာ အမျိုးသား MNDAA ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)နဲ့ PSLF/TNLA ပလောင် (တအာင်း)ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတို့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင် SD အဖွဲ့ဝင်တွေ နဲ့ နိုင်ငံတော်သမ္မတတို့ တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရပိုင်းက တိုင်းရင်းသားလက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့ ဦးစွာပထမ လက်မှတ်ရေးထိုး လိုတဲ့တောင်းဆိုချက်အပေါ် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကြေညာချက်မှာ NCA လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေစဉ်အတွင်း အစိုးရတပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကို ပင်လုံကတိကဝတ်နဲ့ ဖြေရှင်းဖို့ တောင်းဆို ထားပါတယ်။

နိုင်ငံတော်သမ္မတက အခုလ စက်တင်ဘာ ၂၉ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးပွဲကို ကျင်းပလိုကြောင်း ပြောကြားခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေက အောက်တိုဘာလလယ်လောက်မှာသာ လက်မှတ်ရေးထိုးလိုကြောင်း ပြောထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။