သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းပေါ်ပေါက်လာဖို့ အမေရိကန် အပါအဝင် နိုင်ငံ ရှစ်နိုင်ငံနဲ့ ဥရောပသမဂ္ဂက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန်မှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဆွစ်ဇာလန်တို့က ပူးတွဲထုတ်ပြန်လိုက်တာပါ။
မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဦးတည်ချက်လမ်းစဉ် ပြောင်းလဲဖို့၊ အရပ်သားတွေကို အကြမ်းဖက်မှုရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီ အပြည့်အဝပေးခွင့်ပြုဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာဖို့ဆိုပြီး တောင်းထားတာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း အရပ်သားအုပ်ချုပ်မယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည့်မယ့်လမ်းကြောင်းဖော်ဆောင်ဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။
နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံတို့အနေနဲ့ စစ်ကောင်စီကိုဆက်ဖိအားပေးပြီး အကြမ်းဖက်မှုတွေလျော့ကျဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်းမှာ လူဦးရေ ၁၈ ဒသမ ၆ သန်းဟာ အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။