ရခိုင်အရေး ကောလာဟလသတင်းတွေကို မယုံကြည်ကြဖို့ ALD ပါတီတိုက်တွန်း

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - Arakan League for Democracy အမှတ်အသား
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - Arakan League for Democracy အမှတ်အသား (Photo: ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - Arakan League for Democracy)

ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းအားလုံးကို မယုံကြည်ဘဲ သတင်းတွေ မှန်ကန်မှုရှိလားဆိုတာကို စိစစ်ပြီးမှ ယုံကြည်ကြဖို့နဲ့ သတင်းမီဒီယာတွေကလည်း စိုးရိမ်မှု လွန်ကဲနိုင်တဲ့ ဖော်ပြချက်မျိုး မဖြစ်ရအောင် သတိထားဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်သတင်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ သတင်းမှားတွေပါ ပျံ့နှံ့နေတာကြောင့် သတင်းတွေကို ပြန်လည်စိစစ်နိုင်ဖို့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေ ရန်ကုန်မြို့ လှိုင်မြို့နယ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဆွေးနွေးပွဲအပြီးမှာ ALD ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က RFA ကို ပြောတာပါ။

ဒီနေ့ ဆွေးနွေးရာမှာ ရခိုင်တိုင်းရင်းသားတွေ တိုက်ခိုက်ခံရမယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်နေတာကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေကို သူတို့တွေရဲ့ မိသားစုတွေက နေရပ်တွေကို ပြန်ခေါ်နေတာတွေရှိနေပြီး ကားလက်မှတ်တွေလည်း ဝယ်လို့မရတာတွေရှိနေကြောင်း သတင်းတွေထွက်နေတယ်လို့ တင်ပြဆွေးနွေးမှုတွေရှိကြောင်း ဦးဦးလှမြင့်က ပြောပါတယ်။

ဒါကြောင့် ဒီသတင်းကို သေချာပြန်လည် စိစစ်နေကြောင်းပြောသလို အများပြည်သူအနေနဲ့ သတင်းတွေကို စိစစ်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ ဒီနေ့ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီ ANP၊ ရခိုင်ရှေ့ဆောင်ပါတီ၊ ကမန်ပါတီနဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် အဖွဲ့အစည်း ၈ ခုလောက် တက်ရောက်ခဲ့ပါတယ်။

မနေ့ကလည်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။