ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကို ပြန်လည်မှတ်ပုံတင်မည်


2017.01.09

ရခိုင်အမျိုးသားပါတီ ANP ကနေ ထုတ်ပယ်ခံထားရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်းတွေက မူလပါတီဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို ပြန်လည်မှတ်ပုံတင်ဖို့ မနေ့က တောင်ကုတ်မြို့မှာပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်သူတွေရဲ့ လိုလားချက်အရ ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်းခဲ့ကြပေမယ့် အခုလို ပြန်လည် ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အရင် ALD ပါတီအတွင်းရေးမှူးဟောင်း ဦးမျိုးကျော် က ပြောပါတယ်။

ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက်အရ ကျနော်တို့က ပေါင်းခဲ့တယ်၊ ပေါင်းခဲ့တဲ့အခါလည်း ခါးသီးတဲ့ အတွေ့အကြုံတွေ အများကြီးခံခဲ့ရပါတယ်"

ပါတီကို ပြန်လည်မှတ်ပုံတင်ရာမှာ အရင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှာ ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင် ပိုင်းတွေ အားလုံးနီးပါး ပါဝင်လာကြမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာ ပါတီကို ပြန်လည်မှတ်ပုံတင်ဖို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြဖို့ ရည်ရွယ်ထားတယ်လို့လည်း ဦးမျိုးကျော် ကပြော ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်းတွေက သီးခြားပါတီထူထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကနေ ၈ နေ့အထိ တောင်ကုတ် မြို့နယ်ခန်းမမှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှစ်ခုကို ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ပေါင်းစည်း ခဲ့ကြတာပါ။

အဲဒီနောက် နှစ်ဘက်ခေါင်းဆောင်ဟောင်းတွေအကြား သဘောထားကွဲလွဲမှုတွေရှိလာခဲ့ကြပြီး RNDP ပါတီဟောင်းခေါင်းဆောင်တွေက ALD ပါတီဘက်ကလူတွေကို ANP ပါတီကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။