ကယားပြည်နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး
2023.09.01

ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ ဩဂုတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့နယ် ဆော်ခီးဒေါရွာကို ဩဂုတ်လ ၃၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲလို့ အသက် ၄၀ အရွယ် မသန်စွမ်း အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်နေတဲ့ ရွာနားမှာပဲ ဖြစ်တာပေါ့နော်။ သိပ်မဝေးဘူး တစ်မိုင်ကျော်လောက်ပဲ ကွာမယ်။ လွိုင်ကော်မြို့ အနောက်ဘက်အခြမ်း ဆော်ခီးဒေါရွာပေါ့။ အဲမှာ လက်နက် ကြီးနှစ်လုံးကျတယ်။ နေအိမ်ပေါ် ကျတော့ အမျိုးသမီးက လေဖြန်းထားတဲ့ မသန်စွမ်း ပေါ့ သေသွားတယ်။ ဦးလေးတစ်ယောက်လည်းသေတယ်”
လွိုင်ကော်မြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီတပ်ကနေ အဲဒီရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလို့ သူက ဆိုပါတယ်။
ဩဂုတ်လ ၃၁ ရက် မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ထဲ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပွန်းချောင်း ဒုက္ခသည်စခန်းက အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ်နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
“မနေ့က မနက်ပိုင်းလေးနာရီမှာက ဒီးမော့ဆို အနောက်ဘက်ခြမ်း သုံးနေရာကို လေကြောင်းကနေ ဗုံးအနည်းဆုံး ရှစ်လုံးကြဲသွားတယ်ပေါ့နော်။ အဲဒီဘက်ကတော့ ရွာနဲ့ အနီးဆုံးနေရာတွေမှာ ကျတယ်ဆိုပေ မယ့် ထိခိုက်မှုမရှိဘူး။ မနက်ခြောက်နာရီမှာ ကျတော့ ပွန်းချောင်း ဒုက္ခသည် စခန်းနားကို လာကြဲတာပေါ့။ အဲဒီမှာ အမျိုးသား သုံးယောက် ထိတယ် တစ်ယောက်တော့ ဆုံးသွားတာပေါ့နော်”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပွန်းချောင်းဒုက္ခသည်စခန်းက နေအိမ်သုံးလုံးနဲ့ စာသင်ကျောင်း တစ်ကျောင်း လည်း ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စက်တင်ဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ် အတွင်းမှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၅၂၂ ဦး သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ အကြိမ်ရေ ရှစ်ရာအထိဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆၁၉ ကြိမ် အထိ ပြုလုပ်ခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။