ရခိုင်ပြည်နယ် မင်းပြား၊ မြေပုံနဲ့ ပေါက်တောမြို့နယ်တွေမှာ ဧပြီလ ၂ ရက်နဲ့ ၃ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် အရပ်သားခြောက်ဦးသေဆုံးပြီး၊ ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ် မြစ်နားရွာကို ဧပြီလ ၃ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး သုံးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးလင်းအရုဏ် ၄ နာရီကျော်မှာ ဗုံးနှစ်လုံးလာကြဲပါတယ်။ ရွာထဲကို ကြဲချသွားတာပါ။ အမျိုးသမီး သုံးယောက်က ပွဲချင်းပြီးသေသွားတယ်။ ခုနစ်ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ ဒဏ်ရာရတဲ့အထဲ ကျန်းမာရေးဝန်ထမ်း တစ်ယောက်ပါတယ်။ ဘာမှဖြစ်တာမရှိဘူး။ ဒီအတိုင်း အိပ်နေကြတုန်းမှာ ဗုံးလာကြဲသွားတာ”
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကိုတော့ ဧပြီလ ၂ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ သုံးဦးသေဆုံးခဲ့ပြီး နောက်ထပ်သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့တစ်ရက်တည်းမှာပဲ ပေါက်တောမြို့နယ် မော်ထုပ်ကြီးရွာကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာ ၁၃ရက်နေ့က စတင်တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့အရပ်သား နှစ်ရာနီးပါးနဲ့ ဒဏ်ရာရသူ ငါးရာကျော်ရှိသွားပါပြီ။