တနင်္သာရီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ဒဏ်ရာရ
2024.06.14

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲက ရွာသုံးရွာကို ဇွန် ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် နေအိမ်တချို့ ပျက်စီးပြီး ကလေးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ အင်ရှည်ကုန်း၊ ပြည်အေးနဲ့ သံတိုက်ရွာတွေကို တိုက်ခိုက်ရေး ရဟတ်ယာဥ်ပေါ်ကနေ ဗုံးသီးအလုံး နှစ်ဆယ်ခန့် ကြဲချခဲ့တာလို့ သံတိုက်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က လေယာဥ်ပေါ်ကနေ လက်နက်ကြီးတွေ ပစ်ချခဲ့တယ်။ အလုံးနှစ်ဆယ်လောက်ရှိတယ်။ တစ်ကြိမ်ကိုပစ်ရင် ခြောက်လုံးတွဲလောက် တစ်ခါပစ်ပြီးတော့ အလုံး နှစ်ဆယ်လောက် ပစ်ခဲ့တယ်။ တိုက်ပွဲဖြစ်ပွားတဲ့အနေအထား ဘာမှမရှိဘူး။ မြေပြင်ကနေ စစ်ကြောင်းထိုးတာလည်း မရှိဘူး။ ထိတွေ့တိုက်ပွဲတွေလည်း မရှိဘူး”
ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးထိခိုက်ခဲ့ပြီး မစိုးရိမ်ရဘူးလို့ သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့မေလအတွင်းကလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ကနက်သီရိရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိ (၅၈,၃၀၀ ဦး) ရှိနေတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။