သာမိုးတောင်စခန်းတိုက်ပွဲ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၊ သာမိုးတောင်ရွာအနားမှာရှိတဲ့ စစ်ကောင်စီတပ် သာမိုးတောင်စခန်းကို KNLA တပ်တွေ ဒီနေ့မနက်ပိုင်း ဝင်ရောက် တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယဉ်နဲ့ ပြန်လည်ပစ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ KNLA ဘက်က ပြောပါတယ်။
တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ သုံးကြိမ်ထက်မနည်း လာရောက်ပစ်ခဲ့လို့ ဒေသခံအချို့ ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး စခန်းလည်းမသိမ်းနိုင်ခဲ့ဘူးလို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ဘက်က စခန်းကိုတက်လုံးပြီးတော့ ဝင်စီးတာပါ။ သံတောင်မြောက်ပိုင်း ဦးကိုကြီးရဲ့ KNLA တပ်တွေပါ။ မနက် ၆ နာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်တယ်။ တစ်နာရီခွဲလောက် ကြာတယ်။ စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးနဲ့ လာပစ်တော့ သူတို့စခန်းက တဲတစ်လုံး၊ နှစ်လုံးပဲ မီးရှို့နိုင်ခဲ့တယ်။ လိပ်သို လမ်းမပေါ်မှာရှိတဲ့ သာမိုးတောင် စခန်းပါ"
သေဆုံးသွားတဲ့ ဒေသခံတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပေမယ့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကနေ အခြားဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားပြီလို့လည်း KNLA တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ သာမိုးတောင် - မိုင်းလွန် လမ်းတစ်လျှောက်ကို ရဟတ်ယာဉ်နှစ်စီးနဲ့ (၇) ကြိမ်ထက်မနည်း လာရောက် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာပြင်းထန်သလို စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ရှိတယ်လို့ RFA ကို ပြောပါတယ်။
စစ်ရဟတ်ယာဉ်နဲ့ ပစ်ခဲ့တာကြောင့် ဒေသခံတွ သေဆုံးတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ အကြား တိုက်ပွဲတွေကြောင့် အရပ်သား ၁၃၁ ဦးသေဆုံးခဲ့ပြီး ၂၈၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU ဗဟိုကပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကနေ ပြီးခဲ့တဲ့ ဩဂုတ်လအထိ ၁၉ လအတွင်း စစ်ကောင်စီတပ် နဲ့ KNU တပ်တွေအကြား တိုက်ပွဲကြီးနဲ့ တိုက်ပွဲငယ် စုစုပေါင်း (၆၃၅၉) ကြိမ်ဖြစ်ခဲ့ပြီး KNU ဘက်က ၁၄၂ ဦးသေဆုံးခဲ့သလို ၃၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။