စစ်ကိုင်းမှာ ဗုံးကြဲခံရပြီး သုံးဦး သေဆုံး၊ ခုနစ်ဦး ထိခိုက်
2025.01.05

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ပြောပါတယ်။
သေဆုံးသူတွေဟာ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဖြစ်ပြီး မြင်းဆည်ရွာက ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တွေကို Y 12 လေယာဉ်နဲ့ ဗုံးအမြောက်အမြား ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်တာကြောင့် မြင်းဆည်ရွာအပါအဝင် အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။ ဒီရက်ပိုင်း ယာသိမ်းချိန် ရွာထဲကို ပြန်ဝင်နေချိန်မှာ ဗုံးကြတိုက်ခိုက်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သုံးဦးကတော့ တစ်ခါတည်း ဆုံးတယ်။ တစ်ဦးက ဒဏ်ရာပြင်းထန်တယ်။ ခြောက်ဦးကတော့ ဒဏ်ရာနည်းတယ်။ ရွာရဲ့ အစွန်အဖျား ပတ်ပတ်လည်မှာ လေယာဉ်နဲ့ ဗုံးကြဲတာ။ ဂျက်တိုက်လေယာဉ်နဲ့ လာကြဲတာ၊။ အဲဒါပြီးတော့ Y12 နဲ့လည်း ထပ်ကြဲသွားတယ်"
လေကြောင်းတိုက်ခိုက်မှုကြောင့် နွား ဆယ်ကောင် ဗုံးထိမှန် သေဆုံးခဲ့သလို ဘုန်းတော်ကြီးကျောင်း အပါအဝင် လူနေအိမ် နှစ်ဆယ်ခန့် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။