မြေပုံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီး
2024.04.01

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်ရှစ်လုံး၊ စာသင်ကျောင်းနှစ်ကျောင်းနဲ့ ရေခဲစက်ရုံတစ်ရုံ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်မှာရှိတဲ့ ဦးစောတင်မောင်၊ ဦးကျော်ဘု၊ ဦးမောင်ကြီး၊ ဦးနုမောင်ဦးနဲ့ အခြားမြို့ခံလေးဦးရဲ့ နေအိမ်တွေနဲ့ သင်္ဘောဆိပ်က မူလတန်းလွန် စာသင်ကျောင်းနှစ်ကျောင်း ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
နေအိမ်ပျက်စီးခဲ့သူတွေကတော့ လက်ရှိ ဆွေမျိုးသားချင်းတွေဆီမှာပဲ ကပ်နေရတယ်လို့ ကမ်းထောင်းကြီးမြို့ခံ အမျိုးသားတစ်ဦးက RFA ကိုပြောပါတယ်။
"စားသောက်စရာ ဆန်တွေ၊ စပါးတွေ၊ အသုံးအဆောင်အဝတ်အထည်တွေ အကုန်လုံးပါသွားတာပေါ့။ အခု သူတို့အားလုံးက စားစရာနေစရာ မရှိတော့ဘူးလေ။ အကုန်လုံးကလည်း ပြေးနေကြရတာဆိုတော့ အဲဒီ ပတ်ဝန်းကျင်မှာကို လူမရှိတော့တာ။ နေအိမ်တွေက အကုန်လုံး မီးလောင်ပြာကျသွားတာ"
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီတပ်ဟာ မတ်လ ၂၂ ရက်နေ့ကနေ မတ်လ ၃၁ နေ့အထိ ကမ်းထောင်းကြီးမြို့နဲ့ ညောင်ကန်ကျေးရွာ၊ သရက်တောင်ကျေးရွာတွေကို လေကြောင်းနဲ့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရခဲ့သလို တိုက်နယ်ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေပါ ပျက်စီးခဲ့ပြီး ဒေသခံအားလုံးနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။