မတူပီမြို့နယ် ဗန်ကိုင်ရွာမှာ လေကြောင်းကြောင့် အရပ်သားလေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
2023.12.19
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ဗန်ကိုင်ရွာကို ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် (၃၅) နှစ်အရွယ် ဒေါ်လာခုပ်၊ အသက် (၅၅) နှစ်အရွယ် ဦးစံဆိုင်း၊ အသက် (၇၈) အရွယ် ဦးလျန်လော်နဲ့ အသက် (၅၈) နှစ်အရွယ် ဦးလောင်စောင်းတို့ ဖြစ်ပါတယ်။
ဗန်ကိုင်ရွာအနီးက ထယ်ဘွေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းရန်ကို စိုးရိမ်တာကြောင့် ရွာပေါင်း နှစ်ဆယ်လောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"တိုက်ပွဲက ဗန်ကိုင်မှာမဟုတ်ဘူး၊ ထယ်ဘွေးမှာဖြစ်တာ။ ဗန်ကိုင်နဲ့ ထယ်ဘွေး နည်းနည်းနီးတယ်လေ။ ဒေသခံ လေးယောက် သေတယ်။ တစ်ယောက်တော့ ကုသမှုခံယူနေရတယ်။ ဗန်ကိုင်ရွာအပါအဝင် ရွာပေါင်းနှစ်ဆယ်ခန့် စစ်ရှောင်နေရတယ်။ အခုက စားနပ်ရိက္ခာတွေ ခက်ခဲတယ်။ စစ်ရှောင်တွေအတွက်ပေါ့။ အဓိကတော့ လေကြောင်းကို ကြောက်လို့ရှောင်ကြတာ ရွာမှာမနေရဲကြတာ"
ထွက်ပြေးနေရသူ ဒေသခံအရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ် အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA ပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၃ ခုနှစ်၊ နို၀င်ဘာလအထိ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၄၆) ဦး ရှိပါတယ်။