ကျောက်ဖြူမြို့နယ် ဗုံးကြဲခံရမှု အရပ်သားတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
2024.04.26

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဧပြီလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သစ်ကတိုးရွာက အသက် ၅၀ ကျော်အရွယ် ဦးညီပုချေ သေဆုံးခဲ့ပြီး လေးပုံကျောက်ရွာက ဒေသခံလူငယ်နှစ်ဦး ဒဏ်ရာခဲ့တာပါ။
ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းအပြင် ရေကြောင်းနဲ့ ကုန်းကြောင်းကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့က တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားရွာတွေ၊ ရွာအနီးအနားတွေကို လှမ်းပစ်တာ။ ဂျက်လေယာဉ်နဲ့လည်း ပစ်တယ်၊ ရေတပ်ကလည်း ပစ်တယ်။ ကျောက်ဖြူမြို့ပေါ် တပ်ရင်းတွေကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ လူသေဆုံးမှုအပြင် နေအိမ်တွေလည်း ပျက်စီးသွားတာရှိတယ်”
ဒီပစ်ခတ်မှုတွေကြောင့် လေးပုံကျောက်ရွာဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ ငါးလကျော်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုတွေအပါအဝင် မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့ အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာရသူ ခြောက်ရာနီးပါးအထိရှိနေပါပြီ။