ယင်းမာပင်မြို့နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသ၊ သပြေအေးရွာနဲ့ ကျောက်ပြုတ်ရွာ တွေ အနီးကို ဖေဖော်ဝါရီလ ၂၈ ရက်၊ ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က စစ် ရဟတ်ယာဉ် လေးစီးနဲ့ တစ်နာရီခွဲကြာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဝါးစိမ်းတောင်တစ်ကြောမှာ ပြည်သူ့ကာကွယ်ရေး တပ်စခန်းတွေ ရှိနေတယ်ဆိုတဲ့ ယူဆချက်နဲ့ လာရောက်ပစ်ခတ်တာလို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"သူတို့ပစ်တဲ့ နေရာတွေအားလုံးက ဝါးစိမ်းတောင်ရဲ့ တောင်ဘက်၊ အရှေ့ဘက်နဲ့ မြောက်ဘက်တစ်ကြော နေရာအားလုံးကို ပစ်တာပေါ့။ သူတို့ကတော့ အဲဒီ တစ်ခွင်လုံးမှာ PDF တပ်ဖွဲ့ဝင်တွေ စခန်းတွေရှိတယ် အထင်နဲ့ ပစ်တာပေါ့။ အမှန်တကယ်တော့ အဲဒီဘက်တစ်ကျောမှာ PDF စခန်းတွေ မရှိဘူး။ ပစ်တာတော့ တော်တော်လေး ဆိုးဆိုးရွားရွားကို ပစ်သွားတာ"
လက်ရှိမှာတော့ ဝါးစိမ်းတောင်ရဲ့ အနောက်ဘက် သပြေအေးရွာမှာ စစ်ရဟတ်ယာဉ် ပေါ်ကနေ စစ်သားတွေကို ချထားပေးခဲ့ပြီးနောက် အဲဒီစစ်သားတွေက ရွာကို မီးရှို့နေပြီး ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ လည်း တိုက်ပွဲ ဖြစ်နေတယ်လို့ သူကပြောပါတယ်။
အဲဒီစစ်သားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ချင်းပုန်းရွာကို ဝင်ရောက် စီးနင်းခဲ့တဲ့ စစ်သားတွေ ဖြစ်ပြီး သူတို့ကို သပြေအေးရွာကို စစ်ရဟတ်ယာဉ်နဲ့ ဆက်လက် ခေါ်ဆောင်လာတာလို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လက်ရှိတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် သေဆုံးထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ချင်းပုန်းရွာမှာတော့ မူကြိုကလေး တစ်ရာလောက်နဲ့ ဒေသခံတချို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းစဉ်ကတည်းက ဒီနေ့အထိ ရွာထဲမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။