ထီးဖိုးကလိုးရွာ စာသင်ကျောင်း လေကြောင်းကနေ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးသေဆုံး
2023.03.31

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာ စာသင်ကျောင်းကို မတ်လ ၃၀ ရက် မနေ့နေ့လယ် တစ်နာရီအချိန်က စစ်ကောင်စီတိုက်လေယာဉ် နှစ်စီးနဲ့ လာရောက် ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းအနီးရှိနေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
“ရွာနားကို လေးငါးခြောက်ခေါက်လောက် ပတ်ပြီးပစ်တာပေါ့နော်။ ထူးဆန်းတာက ဗုံးကြဲချတယ်ဆိုတာထက် စက်သေနတ်နဲ့ အဆက်မပြတ်ပစ်ခတ်သွားတာ။ အမျိုးသားတစ်ဦး သေဆုံးတယ်ဆိုတဲ့ အချက်အလက်တော့ ရထားတယ်။ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေတုန်းပဲ”
သေဆုံးသူဟာ အသက်၂၅ နှစ်အရွယ်ဖြစ်ပြီး အရပ်သားလား ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလားဆိုတာကိုတော့ တိတိကျကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။
ထီးဖိုးကလိုးကျေးရွာမှာ လူဦးရေ ၁၀၀၀ ဝန်းကျင်လောက် နေထိုင်ပြီး ရွာသားအားလုံးနီးပါး စစ်ရှောင်နေရတာပါ။ ကျေးရွာမှာ ရွာစောင့်အနေနဲ့ လေးငါးဦးလောက်သာ ကျန်ခဲ့ကြ တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်အပြီးမှာ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည် အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ -၁၀၂ တပ်ကနေ ထီးဖိုးကလိုး ကျေးရွာဘက်ကို တစ်နေကုန်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကိုဗညားက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းကလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဒုက္ခသည် ၅၀၀၀ လောက်နေထိုင်တဲ့ ဒေါရောက်ခူ ဒုက္ခသည်စခန်းအနီး လေကြောင်းကနေ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ကယားပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေက ပိုမိုလုပ်ဆောင်လာနေပြီး မတ်လ တစ်လအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၈၆ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီလိုလေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ငါးဦးအထိရှိခဲ့ပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။