ဒေါရောက်ခူ ဒုက္ခသည်စခန်းအနီး လေကြောင်းနဲ့ ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံး

RFA Burmese
2023.03.29
ဒေါရောက်ခူ ဒုက္ခသည်စခန်းအနီး လေကြောင်းနဲ့ ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံး ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Job for Kayah

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်အခြမ်းမှာရှိတဲ့ ဒေါရောက်ခူ ဒုက္ခသည် စခန်းအနီးမှာ မတ်လ ၂၈ ရက်နေ့ မနေ့က ညနေ ၅ နာရီခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“ဖြစ်တာက ဒုက္ခသည်စခန်းနဲ့ တစ်ဖာလုံလောက်တော့ ဝေးတယ်ပေါ့နော်။ ကနဦးရထားတဲ့ အချက်အလက်အရ တစ်ဦး သေတယ်။ ရွာသားနှစ်ဦး အနည်းငယ်ဒဏ်ရာရသွားတယ်”

အဲဒီနေရာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တာတာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်မတော် (KNDF) ရဲ့ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“အဲဒီနေရာက တိုက်ပွဲဖြစ်လေ့မရှိတဲ့ နေရာမို့ စစ်ဘေးဒုက္ခသည် တော်တော်များများ အဲဒီမှာ သွားနေကြတာများတယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာက စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့ ဒီးမော့ဆို ဒေါတမကြီးရွာဘက်မှာ ဖြစ်နေတာ”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေါရောက်ခူ ဒုက္ခသည် စခန်းမှာ လူဦးရေ ၅၀၀၀ ဝန်းကျင်အထိ နေထိုင်ပြီး သူတို့တွေဟာ ဒီးမော့ဆိုမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေက စစ်ဘေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်နဲ့ဆို အဲဒီ ဒုက္ခသည်စခန်းမှာ လေကြောင်းကနေ တိုက်ခိုက်ခံရတာ နှစ်ကြိမ်ရှိပြီလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အခု မတ်လ ၂၁ ရက် ထုတ်ပြန်ချက်မှာတော့ ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၇ သန်း ရှိနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။