KIA ဌာနချုပ်နယ်မြေအတွင်း လေကြောင်းက တိုက်ခိုက်ခံရမှုတွေရှိလာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ် နှစ်စင်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ် နှစ်စင်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Myu Tsaw Kasa)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA ဌာနချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာအနီးက သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၇ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုင်မိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆိုင်မိုင်ရွာကို လေယဉ်နဲ့လာပစ်တာ နှစ်ခါရှိပြီ။ ဗုံးနှစ်ခါကြဲခံရပြီး သံကျောက်တူးတဲ့ သူတွေလည်း အခုမရှိတော့ဘူး အကုန်ပြန်သွားကြပြီ။ ၁၉ ရက်နေ့ကလည်း လိုင်ဇာမြို့ ဘက်ကို လက်နက်ကြီးတွေပစ်တယ်။ ဘယ်နေရာကျတယ်ကိုတော့ အတိအကျပြောလို့ မရဘူး။ လူထိခိုက်တာတွေတော့ မရှိဘူး”

ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း ခါယာတောင်နဲ့ ဘွမ်ရဲတောင်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လိုင်ဇာမြို့ဘက်ကို လက်နက်ကြီး ၉ ကြိမ်ထိ ပစ်ခတ်ခဲ့တယ်လို့ လိုင်ဇာ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ စစ်ရေးကိစ္စတွေဖြစ်တာကြောင့် သူ့အနေနဲ့ အခုကိစ္စကို မသိရဘူးလို့ ပြောပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတာ့ စစ်ကောင်စီတပ်က တပ်အပြောင်းအလဲ နေရာချထားတာတွေ ရှိတာကြောင့် အခုလို ပစ်ခတ်မှုတွေ လုပ်တာဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“လက်နက်ကြီးနဲ့ ပစ်တာက သူတို့ တပ်အပြောင်းအလဲလုပ်တိုင်း ပစ်တာကို ခန့်မှန်း ကြည့်ရင်တော့ စကစဘက်က ဘွမ်ရဲတောင်နဲ့ ခါယာတောင်ဘက်မှာ တပ်အပြောင်း အလဲလုပ်လို့ ပစ်တာလို့ သုံးသပ်တာပေါ့။ ကျနော်တို့ဘက်က ပစ်တာလည်းမရှိတော့ လေယာဉ်နဲ့ လာပစ်တာက ဘာရည်ရွယ်ချက်နဲ့ လာပစ်တာဆိုတာ မသိရသေးဘူး။ အခုရက်ပိုင်း လေယာဉ်နဲ့ပစ်တာ လက်နက်ကြီးပစ်တာ ၃ ကြိမ်ရှိတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေတော့ မရှိဘူး”

KIA ဌာနချုပ် လိုင်ဇာမြို့ပေါ်ကိုလည်း အောက်တိုဘာ ၃၀ ရက်က တိုက်လေယာဉ်နှစ်စီး ၄၀ မိနစ်ကြာအောင် ပျံသန်းခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၆၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။