ဖားကန့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိ
2023.10.17

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) ဌာနချုပ်နဲ့ အနန့်ပါရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းမှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိတချို့ သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်မဟာ (၉) ဌာနချုပ်နေရာနဲ့ အနန့်ပါဈေးတန်းတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်သုံးစီးနဲ့ ငါးကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တဲ့အပြင် ကံစီးရွာ စစ်တပ်ကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါကြောင့် တပ်မဟာ (၉) ဌာနချုပ်က ဗိုလ်ကြီးတစ်ဦးနဲ့ ဗိုလ်နှစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးခန့် ဒဏ်ရာရှိခဲ့တယ်လို့ KIA နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ညနေလောက်မှာ လာပစ်တယ်။ အဓိက,ကတော့ တပ်မဟာ (၉) ကို လာပစ်တာလို့သိထားတယ်။ အခုလောလောဆယ်တော့ ဗိုလ်ကြီးတစ်ဦးနဲ့ ဗိုလ်နှစ်ဦး သေတယ်။ ပြီးတော့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့တော့ ကြားထားတယ်။ အဲဒီဘက်က ဖုန်းလိုင်းမရှိလို့ ဆက်သွယ်ရခက်တော့ အတိအကျ မသိရသေးပါဘူး”
ထိခိုက်သေဆုံးမှု အခြေအနေ တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဒီနေ့ နေ့လယ်အထိ ဆက်သွယ်မေးမြန်းရာမှာ လေကြောင်းတိုက်ခိုက်မှု မှန်ကန်ကြောင်း အတည်ပြုပေမယ့် အရာရှိတွေ သေဆုံးတယ်ဆိုတာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ မသိရသေးဘူးလို့သာ အကြောင်းပြန်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညက အနန့်ပါရွာမှာလုပ်နေတဲ့ KIO အထိမ်းအမှတ်ပွဲကို လေကြောင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သားနဲ့ KIA အမှုထမ်းတွေ အပါအဝင် စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကလည်း လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်း ပစ်ခတ်ခံရပြီး ကလေးသူငယ်တွေ အပါအဝင် ၂၉ ဦး သေဆုံးခဲ့ပါတယ်။