ဟိုပုံးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်ရှိ ပင်လျမ်းဘုန်းကြီးကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ PNLA က ထုတ်ပြန်ထားစဉ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်ရှိ ပင်လျမ်းဘုန်းကြီးကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ PNLA က ထုတ်ပြန်ထားစဉ်။ (PNLA)

ရှမ်းပြည်နယ် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်တန်းမှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၈ ရက် နေ့လယ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပင်လျမ်းဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးသွားတယ်လို့ ဟိုပုံးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

"မဲနယ်တောင်ဘက်မှာ တိုက်ပွဲမဖြစ်ဘဲနဲ့ ပင်လျမ်းဘုန်းကြီးကျောင်းမှာ လေယာဉ်နဲ့ လာကြဲသွားတာဗျ။ အဲဒါ မီးလောင်သွားတယ်။ အခုက ဘုန်းကြီးကျောင်းတွေပဲ ဖြစ်နေတာ။ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထားသလိုပဲ"

အဲဒီဘုန်းတော်ကြီးကျောင်းတွေမှာ လူမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ လေးကြိမ်တိတိ ဗုံးကြဲခဲ့လို့ ပင်လျမ်းဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်းမှာလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တစ်နေကုန်းနီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ရှစ်ကြိမ်တိတိ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ်လေးလုံး ပျက်စီးခဲ့တယ်လို့ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဟိုပုံးမြို့နယ် နောင်စံဖူးကျေးရွာမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့က ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ ကားတွေကို လက်နက်သယ်တယ်ဆိုပြီး စစ်ဆေးရာကနေ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု စတင်ခဲ့ပါတယ်။

နောက်တစ်ရက် ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့ထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ထောဝ်ကျေးရွာမှာ ကယား (ကရင်နီ) ပြည်နယ်က တိုက်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်နှစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ PNLA က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ နောင်ထောဝ်ကျေးရွာရှိ ပအိုဝ်း ပြည်သူ့စစ်စခန်းတွေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့စဉ်လိုပြင်းနေပါတယ်။