မောင်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

RFA Burmese
2024.05.21
မောင်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ မောင်တောမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံအား ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့အနီးက ရွှေဗဟိုနဲ့ ဗောဓိကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်က မေလ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မောင်တောမြို့အဝင်လမ်း လေးမိုင်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၂) နယ်ခြားစောင့်တပ်ကို ရက္ခိုင့်တပ်တော် (AA) က မေ ၂၀ ရက် မနေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။ အဲဒီတိုက်ပွဲနဲ့ဆက်နွှယ်ပြီး စစ်ကောင်စီတပ်က ဒီနေ့မနက် လေးနာရီလောက်က ကျေးရွာနှစ်ရွာကို ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွှေဗဟိုမှာ မိန်းကလေး တစ်ယောက်သေတယ်။ သူက အဲဒီရွာမှာ စစ်ဘေးရှောင်နေတာ၊ တက္ကသိုလ်ကျောင်းသူ။ ရှောင်နေကြတဲ့ မိသားစုတစ်စုလုံး ဒဏ်ရာရသွားတယ်။ အဲဒီဘက်မှာ တိုက်ပွဲက မရှိဘူး။ မရှိဘူးဆိုပေမဲ့ လေးမိုင်ကိုတော့ အေအေက တိုက်နေတယ်။ အဲဒီနေရာနဲ့ ပတ်ဝန်းကျင်ရွာတွေကို ဗုံးကြဲတာ”

မနက် လေးနာရီ လူအိပ်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ ပိုများခဲ့တာလို့လည်း သူက ပြောပါတယ်။

သေဆုံးသွားသူကတော့ မောင်တောမြို့ ကရုဏာကွန်ရက် ပရဟိတအသင်းမှာ လုပ်ကိုင်နေတဲ့ အမှတ် (၃) ရပ်ကွက် ဝိမရကျေးရွာက အသက် ၂၂ နှစ်အရွယ် ပန်းအိဖြူဖြစ်ပါတယ်။ သူဟာ တိုက်ပွဲတွေကြောင့် သူတို့ကျေးရွာကနေ ရွှေဗဟိုကျေးရွာကို မိသားစုဝင်တွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရရှိသွားသူတွေကတော့ တိုက်ပွဲတွေကြောင့် ရွှေဗဟိုကျေးရွာက အသက် ၇၁ နှစ်အရွယ် ဦးကျော်ညွန့်ဖြူ၊ တိုက်ပွဲတွေကြောင့် မောင်တောမြို့ပေါ်ကနေ ရွှေဗဟိုကျေးရွာမှာ ထွက်ပြေးခိုလှုံနေတဲ့ အသက် ၂၉ နှစ်အရွယ် မမေသဇင်ထွန်းနဲ့ ကိုကျော်ကျော်နိုင်၊ အသက် ၆၂ နှစ်အရွယ် ဦးဖြူထွန်း၊ အသက် ၅ နှစ်အရွယ် မောင်နိုင်သုတဖြိုး၊ အသက် ၄၅ နှစ်အရွယ် ဦးကျော်သိန်းခိုင်နဲ့ ဗောဓိကုန်းကျေးရွာက အသက် ၄၄ နှစ်အရွယ် ဒေါ်လှစိန်ဦး၊ အသက် ၂၈ နှစ်အရွယ် ကိုစိန်သန်းမောင်၊ အသက် ၅၀ အရွယ် ဦးမောင်စိန်လှ၊ အသက် ၂၄ နှစ်အရွယ် ကိုထွန်းနိုင်စိုး၊ အသက် ၄၂ အရွယ် ဦးရွှေဖြူသန်းတို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေ နေတဲ့ကျေးရွာတွေကို ဂျက်တိုက်လေယာဥ်နဲ့ အကြီးစား ဗုံးသုံးလုံး ကြဲချခဲ့တာလို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“တိုက်တဲ့အချိန်မှာ ဂျက်နဲ့နေပြီးတော့ သုံးချက်လောက် လာပစ်တယ်”

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အဲဒီကျေးရွာနှစ်ရွာဟာ မောင်တောနဲ့ ရသ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းသို့ ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာနှစ်ရွာဖြစ်ပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နဲ့ ၁၉ ရက်နေ့တွေကလည်း မောင်တောမြို့နယ်တောင်ပိုင်း ဒုချီးရားတန်းကျေးရွာအုပ်စု ကင်းချောင်းကျေးရွာနဲ့ သရီကုန်ဘောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား လေးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အရေးပါတဲ့ ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က မေ ၁၈ ရက်နေ့က အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဘူးသီးတောင်မြို့ရဲ့ အနောက်ဘက် ဆယ်မိုင်ခန့်အကွာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဥ်းအနီးက မောင်တောမြို့ကိုပါ သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေက ‌ဒေသခံပြည်သူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ထားကြဖို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မေလ ၂၀ ရက် မနေ့က သတိပေးထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။