မင်းတပ်နဲ့ ထန်တလန်မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရ

RFA Burmese
2023.06.30
မင်းတပ်နဲ့ ထန်တလန်မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရ ချင်းပြည်နယ်၊ ထန်တလန်မြို့တစ်နေရာကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။
The Chin Journal

ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ မင်းတပ်မြို့နယ်တွေကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့ကို ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးသုံးလုံးကြဲချခဲ့လို့ ထန်တလန် ပြည်သူ့ဆေးရုံနားက အိမ်နှစ်လုံး မီးလောင်သွားတာလို့ ထန်တလန် ဒေသကာကွယ်ရေး အဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ မြို့ပေါ် က ခလရ (၂၇၄) တပ်ကုန်း၊ အရှေ့ပြင်မီးသတ်ကုန်းနဲ့ မြို့နယ်ထွေအုပ်ရုံးတို့ကို ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့မှာ မင်းတပ် CDF က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာတော့ မင်းတပ်မြို့နယ် လုံခေးရွာက ဘုန်းကြီးကျောင်း အဆောင်တစ်ခုနဲ့ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ဒေသခံတွေတော့ ထိခိုက်တာမရှိဘူးလို့ မင်းတပ် CDF က ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော်အတွင်း အရပ်သား ၄၁ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။