အာဏာသိမ်းကာလ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော် သေဆုံး
2024.10.30

ချင်းပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်က ချင်းပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၂၃၉ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၈ ဦးထဲမှာ ကလေး ၂၉ ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၂၃၁ ဦးထဲမှာ ကလေး ၂၁ ဦး ပါ၀င်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၄၇၀ ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၂၂ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂၁ ခု၊ ဘုန်းကြီးကျောင်း ငါးကျောင်းနဲ့ ကျန်းမာရေး အဆောက်အအုံ ခြောက်ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးရှိနေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
လတ်တလော လေကြောင်းတိုက်ခိုက်မှုအနေနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က မတူပီမြို့အနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။