လေထုညစ်ညမ်းမှု ပြဿနာဖြေရှင်းရေး ထိုင်း၊ မြန်မာနဲ့ လာအို ပူးပေါင်းကြိုးပမ်း

RFA Burmese
2024.10.30
လေထုညစ်ညမ်းမှု ပြဿနာဖြေရှင်းရေး ထိုင်း၊ မြန်မာနဲ့ လာအို ပူးပေါင်းကြိုးပမ်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ရှိ Srilanna အမျိုးသားဥယျာဉ်တွင် လေထုညစ်ညမ်းမှုမြင့်မားနေသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။
Lillian SUWANRUMPHA / AFP

[Update: 17: 00 PM, Nov 1, 2024]

ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်လေထုညစ်ညမ်းမှုပြဿနာ ဖြေရှင်းရေး ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုလည်း ရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က အောက်တိုဘာလ ၂၉ ရက်နေ့က ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တာလို့ ဆိုပါတယ်။

“Clear Sky Strategy 2024-2030” ခေါင်းစဉ်နဲ့ကျင်းပတဲ့ အဲဒီအခမ်းအနားကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ လာအိုနဲ့ မြန်မာစစ်ကောင်စီတို့ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီကတော့ လေထုညစ်ညမ်းမှု ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံမှာ တောမီးလောင်မှုတွေကို လျှော့ချနေတယ်လို့ ပြောပါတယ်။

အမဲလိုက်တာ၊ စိုက်ပျိုးမြေယာ ရွှေ့ပြောင်းတာနဲ့ စိုက်ပျိုးရေးအတွက် တောမီးရှို့ရှင်းလင်းတာတွေဟာ တောမီးလောင်မှုကို ဟန့်တားဖို့ အဓိကစိန်ခေါ်မှုတွေဖြစ်ပြီး အကောင်းဆုံး ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

နယ်စပ်လေထုညစ်ညမ်းမှုအပေါ် အာဆီယံသဘောတူညီချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ၂၀၀၂ ခုနှစ် ဇွန်လမှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

၂၀၂၃ ခုနှစ်၊ ဧပြီလမှာတော့ ထိုင်းနိုင်ငံက လာအိုနဲ့ မြန်မာနိုင်ငံတို့ ပါဝင်တဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပြီး သုံးနိုင်ငံကြား လေထုညစ်ညမ်းမှုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးနောက်မှာတော့ လေထုညစ်ညမ်းမှုအခြေအနေတွေကို လက်တွေ့ပူးပေါင်းဆောင်ရွက်ကြမဲ့ (Clear Sky Strategy) စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

(မှတ်ချက်-ဤသတင်းတွင် စစ်ကောင်စီ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက် ရေးသားထားသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။