လေထုမငြိမ်သက်မှုကြောင့် ခရီးသည်တစ်ဦးသေဆုံးခဲ့ကြောင်း စင်ကာပူလေကြောင်းလိုင်း ထုတ်ပြန်

RFA Burmese
2024.05.21
လေထုမငြိမ်သက်မှုကြောင့် ခရီးသည်တစ်ဦးသေဆုံးခဲ့ကြောင်း စင်ကာပူလေကြောင်းလိုင်း ထုတ်ပြန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့သည့် စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်က တွေ့ရစဉ်။
Reuters

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ စင်ကာပူနိုင်ငံကို ပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းဟာ ပြင်းထန်တဲ့ လေထုဖိအားပြောင်းလဲမှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးသေဆုံးပြီး ခရီးသည်အများအပြား ဒဏ်ရာရခဲ့တယ်လို့ စင်ကာပူလေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။

ခရီးသည် ၂၁၁ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၈ ဦးတင်ဆောင်ထားတဲ့ စင်ကာပူလေကြောင်းလိုင်းပိုင် Boeing 777-300ER လေယာဉ်ဟာ ပြင်းထန်တဲ့ လေထုဖိအားပြောင်းလဲမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် မေလ ၂၁ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ခရီးသည် ၃၀ ဦးကို ဆေးရုံတင်ကုသထားပြီး ကျန်ရှိတဲ့ ခရီးသည်တွေကိုလည်း စစ်ဆေးကုသပေးနေသလို သေဆုံးသွားတဲ့ခရီးသည်အတွက် မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်းကိုလည်း စင်ကာပူလေကြောင်းလိုင်းက ပြောထားပါတယ်။

စင်ကာပူလေကြောင်းလိုင်းပါ ခရီးသည်တွေကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ ဆေးစစ်ဆေးကုသပေးနေတယ်လို့လည်း ထိုင်းတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

လေယာဥ်ပေါ်ပါ ခရီးသည်တွေ ထိခိုက်မှုအတွက် ထိုင်းနိုင်ငံ အာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်နေပြီး အကူအညီပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စင်ကာပူလေကြောင်းလိုင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။