အဲယားပုဂံလေယာဉ် စက်ချို့ယွင်းမှုကြောင့် လူနှစ်ဦးသေဆုံး
2012.12.25

လေယာဉ် ပျံသန်းချိန်အတွင်း စက်ချို့ယွင်းခဲ့တဲ့အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း ဟဲဟိုးလေယာဉ်ကွင်းနဲ့ ၂ မိုင်အကွာမှာ အရေးပေါ်ဆင်းသက်ခဲ့တာလို့ သိရပါတယ်။
ဒီ ဖြစ်ရပ်ကြောင့် လူ ၂ ဦး သေဆုံးခဲ့ရပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။
သေသူနှစ်ဦးထဲက တဦးဟာ လေယာဉ်ပေါ် လိုက်ပါသွားတဲ့ နိုင်ငံခြားဧည့်လမ်းညွှန် မနွယ်လင်းရှိန်ဖြစ်ပြီး လေယာဉ်ထိုးဆင်းရာမှာ ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ရကြောင်း၊ နောက်တဦးကတော့ လေယာဉ် အရေးပေါ် ဆင်းသက်ချိန်မှာ မြေပြင်က မော်တော်ဆိုင်ကယ် တစီးနဲ့ တိုက်မိပြီး ဆိုင်ကယ်စီးသူ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ နိုင်ငံခြားဧည့်သည်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လေယာဉ် ပျက်မှုနဲ့ပတ်သက်ပြီး တိကျတဲ့ အဖြေတစုံတရာ မရရှိသေးကြောင်း၊ ပျံသန်းချိန်အတွင်း ဟဲဟိုး လေယာဉ်ကွင်းနား အရောက်မှာ အင်ဂျင်တလုံးမီးလောင်ကျွမ်းခဲ့တဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့တာ ဖြစ်တယ်လို့ ပြန်ကြားရေးဌာန အရာရှိတဦးက သတင်းထုတ်ပြန်ပါတယ်။ လေယာဉ် ထိုးဆင်းလာချိန်မှာ မီးလောင်ကျွမ်းလာတာကို မြေပြင်ကနေ မြင်တွေ့ရတယ်လို့လည်း မျက်မြင်သက်သေတချို့က ပြောကြပါတယ်။
အဲယားပုဂံလေကြောင်းလိုင်းကို နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇက စစ်အစိုးရလက်ထက်မှာ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။