ရွှေဘိုမြို့နယ် တကန်သာရွာ လေကြောင်းနဲ့အပစ်ခံရ
2023.07.18

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ဘက်က တကန်သာရွာကို ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်က Mi-35 စစ်ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်လေးလုံး မီးလောင်ပျက်စီးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ရဟတ်ယာဉ်ဟာ ရွာကို ရှစ်ကြိမ်ပတ်ပြီး နာရီဝက်နီးပါးအကြာ စစ်သေနတ်နဲ့ ပစ်ခတ်ခဲ့သလို မီးလောင်ဗုံးလို့ ယူဆရတဲ့ ဗုံးတစ်လုံးပါ ကြဲချခဲ့တာလို့ ဆိုပါတယ်။
တကန်သာရွာဟာ အိမ်ခြေ သုံးရာ၊ လူဦးရေ တစ်ထောင်ကျော်နေထိုင်တဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီး ဒေသခံအများစုကလည်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကလုပ်ကိုင်ကြတာလို့ ပြောပါတယ်။
နေအိမ်မီးလောင်ပျက်စီးသွားတဲ့ အမည်မဖော်လိုတဲ့ တကန်သာရွာခံ အမျိုးသမီးတစ်ဦးကတော့ ရွာကို ဒီနေ့အထိ မပြန်ရဲသေးဘဲ ဘေးလွတ်ရာမှာ ပုန်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။
"အခုထိ အိမ်မပြန်ရဲသေးပါဘူး။ ပြန်ရင် မနေ့ကလို ထပ်လာပစ်မှာ ကြောက်တယ်။ အိမ်ကတော့ တစ်အိမ်လုံး ပြာကျသွားတယ်တဲ့၊ ပဲတိုက်ပါမကျန် ပြာကျသွားတယ်တဲ့။ မနေ့ကဆို ငရဲပြည်ရောက်နေသလိုပဲ ဆူညံပွက်လောရိုက်နေတာ။ ကျွန်မလည်း ခြေဦးတည့်ရာ လွတ်မယ်ထင်တဲ့နေရာကို ပြေးလာလိုက်တာ အိမ်သားတွေနဲ့ပါ လူစုကွဲသွားတယ်"
ဒဏ်ရာရတဲ့ အမျိုးသားဟာ အသက် ၄၅ နှစ်ရွယ်ဖြစ်ပြီး ခေါင်းနဲ့ လက်မောင်းမှာ ကျည်ဆန်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။