ဝေဘူလမြို့ စာသင်ကျောင်းအနီး လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ကိုးဦးသေ၊ သုံးဦးဒဏ်ရာရ
2023.04.10

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်းအနီးကို ဧပြီ ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းအုပ် ဆရာကြီး အပါအဝင် ဒေသခံ ကိုးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲခဲ့တာဖြစ်ပြီး စာသင်ကျောင်းထဲမှာရှိနေတဲ့ ကျောင်းအုပ်ဆရာကြီးပါ သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အကြောင်းမဲ့ပစ်တာပါ၊ ဝေဘူလမှာ တိုက်ပွဲမရှိပါဘူး။ ဒေသခံပြည်သူ ကိုးယောက် သေတယ်။ ဒဏ်ရာရတာ သုံးယောက်ရှိတယ်။ အဲဒီအထဲက တစ်ယောက် ဒဏ်ရာ ပြင်းထန်တယ်။ ကျောင်းဝင်းထဲ ကျောင်း ဆရာ၊ ဆရာမ နေအိမ်နှစ်လုံး ပျက်စီး သွားတယ်။ နောက်ပြီး ဒေသခံပြည်သူတွေနေတဲ့ အိမ်သုံးလုံး မီးလောင်ပျက်စီး သွားတယ်”
ပညာရေးဝန်ထမ်းတွေနေထိုင်တဲ့ နေအိမ်နှစ်လုံးအပါအဝင် စုစုပေါင်းနေအိမ်ငါးလုံး မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရသူ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒီနေ့မနက်အစောပိုင်းမှာပဲ ဖလမ်းမြို့နယ်၊ ဗားရ်ရွာအနီးကိုလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပြီး ဗုံးခြောက်လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၃၀ ရက်နေ့ကလည်း ထန်တလန်မြို့နယ်၊ ခွာဖိုရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ ခဲ့တာကြောင့် ကိုးဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။