သံတွဲမြို့ နတ်တောင်မှော်ရွာတိုက်ပွဲ လေကြောင်းကြောင့် သေဆုံးသူ ကိုးဦးအထိရှိလာ
2024.05.19
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ထဲက နတ်တောင်မှော်ရွာ တိုက်ပွဲအတွင်း မေလ ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးတဲ့ဒေသခံ ကိုးဦးအထိရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံခြောက်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး၊ ကျန်သုံးဦးကတော့ သံတွဲဆေးရုံကို ဆေးကုသဖို့အသွား လမ်းမှာတင် သေဆုံးသွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သေဆုံးခဲ့သူတွေကိုတော့ သင်္ဂြိုဟ်ပြီးပြီလို့ ကြားတယ်ဗျ။ ပြောရရင် စစ်ကောင်စီက ကုန်းကြောင်းမှာမနိုင်လို့ လေကြောင်းကနေ ပစ်ခတ်တာပေါ့။ ဒေသခံတွေလည်း ရွာမှာမနေရဲဘဲ ထွက်ပြေးနေတယ်လို့ ပြောပါတယ်"
သေဆုံးသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်ကိုတော့ လတ်တလော စုံစမ်းလို့မရသေးဘူးလို့ ဆိုပါတယ်။
မေလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး သူဌေး ရေအားလျှပ်စစ်စီမံကိန်းအနီးက ရွှေလှေရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကတော့ နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ နောက်ပြန်ဆုတ်ပြီး နာရီပိုင်းအကြာမှာပဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
သံတွဲမြို့နယ် တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ပြန်လည်မဖြေဆိုပါဘူး။
ဒါ့အပြင် တိုက်ပွဲအခြေအနေပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှုပြင်ပရောက်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
သံတွဲမြို့နယ်အတွင်းက ရွှေလှေ၊ မြယာနဲ့ ပုရစ်ရေကောက်ရွာတို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။