မံစီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦးသေ၊ သုံးဦးဒဏ်ရာရ

RFA Burmese
2024.03.31
မံစီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦးသေ၊ သုံးဦးဒဏ်ရာရ မံစီမြို့နယ် ဂျန်မိုင်ကျေးရွာတွင် စစ်ကောင်စီမှ လေယာဉ်နှင့်ဗုံးကြဲခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မံစီမြို့နယ် ဂျန်မိုင်ကျေးရွာကို ဧပြီလ ၁ ရက်နေ့ ဒီနေ့မနက်အစောပိုင်း တစ်နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေး တစ်ဦး အပါအဝင် ဒေသခံ ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ယာဉ်မောင်းတစ်ဦးနဲ့ သူ့ရဲ့မိသားစု နှစ်ဦး၊ ယာဉ်နောက်လိုက် နှစ်ဦးတို့ရဲ့ အလောင်းတွေကိုတော့ သွားသယ်ဖို့ လုပ်ဆောင်နေတယ်လို့ ဗန်းမော်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ဂျန်မိုင်ကျေးရွာ လေကြောင်းနဲ့ ဗုံးကြဲခံရတာကြောင့် သေဆုံးသူတွေရှိတယ်လို့ RFA ကို ပြောပါတယ်။

“ဒီနေ့မနက် တစ်နာရီခွဲအချိန်လောက်မှာ ဂျန်မိုင်ဆိုတဲ့ရွာမှာ ဗုံးကြဲတယ်။ ဗုံးကငါးလုံးလောက် ကျတယ်လို့ ကနေဦးကြားရပါတယ်။ ပြည်သူလူထုရဲ့ကားတွေ တော်တော်များများ ပျက်စီးပြီးမှ ကားမောင်းတဲ့ ကားဆရာတွေလည်း ငါးဦးထက်မနည်း သေဆုံးသွားတယ်ဆိုတဲ့ သတင်းကတော့ရပါတယ်။ ပိုပြီးမှ တိတိကျကျ သိရဖို့က စုံစမ်းနေဆဲဖြစ်ပါတယ်”

အဲဒီကျေးရွာမှာ တိုက်ပွဲလည်းမရှိသလို (KIA) တပ်ဖွဲ့ဝင်တွေလည်း မရှိဘူးလို့ ဆိုပါတယ်။

ဒီနေ့မနက်ခုနစ်နာရီမှာ လွယ်ဂျယ် - မိုးမောက်လမ်းပေါ် မိုးမောက်မြို့နယ် စိန်လုံဗျူဟာကုန်းကို (KIA) က သိမ်းလိုက်ပြီး အခြားနေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေတာတော့ရှိတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေဟာ မိုးမောက် - လွယ်ဂျယ်လမ်းမှာ တိုက်ပွဲဖြစ်နေပြီး ပိတ်ထားတာကြောင့် လွယ်ဂျယ် - မံစီလမ်းကနေဆင်းလာတာဖြစ်ပြီး ကားသမားတွေအားလုံး ညပိုင်းနားနေချိန် လေကြောင်းနဲ့အပစ်ခံခဲ့ရတာလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းကနေ ဧပြီလ ၁ ရက်နေ့အထိ ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၅၃ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။