ဝက်လက်မှာ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကို ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်‌နေ့ကတွေ့ရစဉ်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကို ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်‌နေ့ကတွေ့ရစဉ် (Photo: People's Defence Force - Wetlet)

ဒီဇင်ဘာ ၃၁ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ် PDF တွေကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။

နှစ်ရက်ကြာ တိုက်ပွဲအတွင်း ဒေသခံ ခုခံကာကွယ်ရေးတပ်တွေ ရွာတွေထဲ ပိတ်မိနေချိန်မှာ စစ်ကောင်စီ ဘက်က စစ်ရဟတ်ယာဉ်တွေပါသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF တွေက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စစ်ကောင်စီဘက်က အင်အား ၆၀ လောက်ပါတဲ့ တပ်မ ၃၃ တပ်ဘက်က စတင် ထိုးစစ် ဆင်လာတာကနေ တိုက်ပွဲတွေစဖြစ်တာလို့ ဝက်လက်မြို့နယ် ဖောင်ဒိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ဂျိန်းစဘွန်းက ပြောပါတယ်။ အဲဒီတပ်ဖွဲ့ဟာ ဘုရားလေး ကုန်းရွာမှာ တပ်စွဲပြီး အနီးနားက ရွာတွေကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။

"တဲပုံကြီးဆို တစ်ယောက်မှ မရှိတော့ဘူး၊ ဘုရားလေးကုန်းမှာလည်း လူမရှိတော့ဘူး။ အိမ်နှစ်လုံး ပျက်စီး တယ်။ တစ်လုံးက မီးရှို့ထားခဲ့တယ်။ တစ်လုံးက လက်နက်ကြီးကျလို့ ပျက်စီးတယ်။ အရမ်းနီးတဲ့ ရွာတွေ က အကုန်ပြေးကြရတယ်။ လှည်းတွေ၊ နွားတွေနဲ့ တောတောင်တွေထဲ ပြေးကြရတာ၊ ဒေသခံ များတယ်။ လူဦးရေ သုံးထောင်တော့ အနည်းဆုံးပဲ၊ စစ်ရဟတ်ယာဉ်ဆိုတာ ပြည်တွင်းစစ်မှာ မသုံးရဘူးလို့ သိထား တယ်"

စစ်ကောင်စီဘက်က လက်နက်ကြီးတွေသုံး ပစ်ခတ်တာကြောင့် ဝက်လက်ထဲက ဘုရားလေးကုန်း၊ တဲပုံကြီး၊ ငါးဘတ်ချောင်း၊ ဆည်လေးတော၊ ရေချိုအိုင်နဲ့ ဆင်နင်း စတဲ့ ရွာတွေက ဒေသခံ ရွာသား ၃,၀၀၀ ကျော် ထွက်ပြေး နေကြရတယ်လို့ ဆိုပါတယ်။

နှစ်ရက်ကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ PDF ဘက်က တစ်ယောက်သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ခုနစ် ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ PDF တွေက ပြောဆိုကြပေမယ့် RFA က သီးခြားအတည်မပြုနိုင် သေးပါဘူး။

"သူတို့က မဲမဲမြင်ရာပစ်တော့ ကြောက်လို့ထွက်ပြေးကြရတာ"

စစ်ကောင်စီတပ်တွေဟာ ဧရာဝတီမြစ် ရေလမ်းကြောင်းကနေ တက်လာပြီး ဘုရားလေးကုန်းရွာမှာ ဇန်နဝါရီ ၁ ရက်နေ့ညက တစ်ညအိပ် တပ်စွဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက်မှာတော့ ဗျူဟာ လမ်းအတိုင်း ရှိန်းမကားရွာ ဘက်ကို တက်သွားတယ်လို့ဆိုပါတယ်။

ဒေသခံတွေဟာ ကြောက်လန့်ပြီး ရုတ်တရက် ထွက်ပြေးလာကြရတာဖြစ်လို့ ဘာအသုံးဆောင်ပစ္စည်းမှ သယ်မလာနိုင်ဘူးလို့ ထွက်ပြေးလာတဲ့ သစ်ဆိမ့်ရွာသားတစ်ယောက်က ပြောပါတယ်။

"သူတို့က မဲမဲမြင်ရာပစ်တော့ ကြောက်လို့ထွက်ပြေးကြရတာ၊ တွေ့သမျှ ဖမ်းတယ်ဆိုတာလည်း ကြားနေရတော့ ရှောင်ရတော့တာပေါ့၊ အကြောက်တရားနဲ့ပဲ နေနေရတာပါ။ သူတို့ရဲ့လုပ်ရပ်တွေကို မေတ္တာရပ်ခံချင်တာပါ၊ ပြည်သူတွေကို အကြောက်တရားနဲ့ ပြေးလွားနေရတော့ အဲဒီလိုတွေမလုပ်ဖို့ မေတ္တာရပ်ခံချင်တာပါ"

ဝက်လက်တိုက်ပွဲမှာ စစ်ကိုင်းဒေသခံ ကာကွယ်ရေး PDF တပ်ရင်း ၁၊ ရွှေဘိုဒေသခံ ကာကွယ်ရေး PDF တပ်တွေအပါအဝင် ဝက်လက်က ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စုပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

wetlet-ari-strike
(စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က တောင်သူတွေကို စစ်ကိုင်းခရိုင် PDF တပ်ရင်း (၁) က ၂၀၂၂ ဇန်နဝါရီ ၂ ရက်နေ့ မှာ စပါးကူညီရိတ်သိမ်းပေးနေတာကို တွေ့ရစဉ်) Photo: MPA

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ ပြန်ဆုတ်ပေးလိုက် ရတယ်လို့ စစ်ကိုင်းမြို့ PDF တပ်ရင်း ၁ က ဗိုလ်ဇာတ်လိုက်က ပြောပါတယ်။

"မနေ့က ဖြစ်တာကတော့ သူတို့က ရွာကို အရင်စီးထားပေမယ့် ပြန်သိမ်းပိုက်နိုင်တယ်။ နောက်တော့ ဟတ်စကီးနဲ့ လေးကြိမ်ဝင်ပစ်တယ်။ အဲလိုပစ်ခံရတော့ နောက်ဆုတ်ရတော့တာပေါ့၊ နာရီဝက်လောက် ပစ်သွားတယ်။ ဟတ်စကီးနဲ့ ပစ်တာကြောင့်တော့ အသေအပျောက်မရှိဘူး၊ သူတို့ ရဟတ်ယာဉ် သုံးလာ တော့လည်း ဘာတက်နိုင်မှာလဲ၊ လက်နက်အင််အား မမျှတော့ ပြေးရတာပေါ့၊"

ဝက်လက်မြို့နယ်ထဲက တိုက်ပွဲအခြေအနေတွေကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမယ့် လတ်တလော ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခု ၂၀၂၂ ခုနှစ် နှစ်သစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းစရမယ်လို့ နှစ်သစ်မိန့်ခွန်းမှာ မနေ့က ထည့်ပြောလိုက်ပါတယ်။

အဲဒီလို ပြောဆိုတဲ့ တစ်ချိန်တည်း စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တွေကြား ဒေသ တော်တော်များများမှာ တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်လို့ ဒေသခံပြည်သူတွေ နှစ်ဦးပိုင်းကတည်းက အိုးအိမ်တွေစွန့် ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေရတာဖြစ်ပါတယ်။