နမ့်ဆန်မှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဆုံး
2023.12.13

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ ဒီဇင်ဘာ ၁၀ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေသလို လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ တအာင်းမျိုးသမီးအဖွဲ့ (TWO) က ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ်၊ နမ္မဝေါရပ်ကွက်မှာ အသက် (၃၁) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး လွယ်ခမ်းရွာမှာလည်း နှစ်ဦးသေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ (TWO) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“နမ္မဝေါရပ်ကွက်က သူကလေယာဉ်လာလို့ ပြေးဖို့လုပ်တုန်း အ.ထ.က ကျောင်းရှေ့မှာ လေယာဉ်ဗုံးကြဲလို့ ထိသွားတာပေါ့နော်။ သူ့ကို ကျောက်မဲဆေးရုံပို့ဖို့ လုပ်သေးတယ်။ လမ်းတွေပိတ်ထားတော့ လမ်းမှာပဲ ဆုံးသွားတာ။ ကျန်တဲ့နှစ်ယောက်က လွယ်ခမ်ရွာက။ အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာကိုတော့ ဖုန်းလိုင်းအခက်အခဲကြောင့် မသိရသေးဘူး။ သေဆုံးတယ်ဆိုတာတော့ ဟုတ်တယ်”
ဒီနေ့မနက်ပိုင်းအထိ နမ့်ဆန်မြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်ပြီး တိုက်ပွဲအတွင်း မြို့ပေါ် နမ္မဝေါရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နဲ့ မြို့လယ်ရပ်ကွက်က နေအိမ်တွေ အပါအဝင် စုစုပေါင်းနေအိမ် ၁၁ လုံး ပျက်စီးခဲ့တယ်လို့ နမ့်ဆန်မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်ခြောက်ခုနဲ့ လူဦးရေခြောက်ထောင်ကျော်ရှိတဲ့ နမ့်ဆန်မြို့က မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ နမ့်ဆန်မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ပေါ်မှာ လူက မကျန်သလောက်ဖြစ်သွားပြီ။ လောလောဆယ် မြို့နဲ့နီးတဲ့ ရွာတွေဘက်ကို အရင်ပြေးနေကြရတာ။ အခု ကျွန်တော်တို့ နေရာမှာဆို လူတစ်ရာဝန်းကျင်ရှိတယ်။ ထပ်ပြီးတော့လည်း လာနေကြတုန်းပဲ”
နမ့်ဆန်မြို့မှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်စခန်းနှစ်ခုနဲ့ ရဲစခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ဗျူဟာကျတဲ့ နမ့်ဆန်ဆေးရုံအရှေ့က တပ်စခန်းကုန်းအနီးမှာ လက်ရှိ တိုက်ပွဲဆက်ဖြစ်နေလို့ ဒေသခံကတွေက ပြောပါတယ်။
TNLA တပ်ဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နမ္မဝေါရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၁၆ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီပြောခွင့်သူ ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နမ့်ဆန်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်နေကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြည်တွင်းမီဒီယာတွေကို ပြောဆိုထားပေမယ့် တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။
နမ့်ခမ်းမြို့နယ်မှာလည်း စစ်ကောင်စီတပ် စခန်းသစ်ကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ နေ့စဉ်လိုလို တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ပေါင်ငါးရာဗုံး တွေကိုပါ အသုံးပြုတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။