ဒီးမော့ဆိုက စစ်ဘေးဒုက္ခသည်တွေ နေတဲ့နေရာ လေယာဉ်နဲ့ ဗုံးကြဲခံရ

2022.02.27
ဒီးမော့ဆိုက စစ်ဘေးဒုက္ခသည်တွေ နေတဲ့နေရာ လေယာဉ်နဲ့ ဗုံးကြဲခံရ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက လိုဘာခိုကျေးရွာမှာရှိတဲ့ ဆေးရုံတစ်ခု ကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းက တစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လိုဘာခိုကျေးရွာမှာ ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။

အဲဒီနေရာတစ်ဝိုက်ဟာ စစ်ဘေးဒုက္ခသည်တွေအများအပြား တိမ်းရှောင်နေတဲ့နေရာဖြစ်ပြီး မနက်အစောပိုင်း ၁ နာရီလောက်မှာ စစ်လေယာဉ်တစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ် ပါတယ်။

"ဒီမနက်ကျတော့ ဆေးခန်းဘေးက စစ်ဘေးဒုက္ခသည်တွေ အကုန်လုံးက ထွက်ပြေးကြတယ်"

လိုဘာခိုရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့်ဟာ နောက်တစ်ကြိမ် ထွက်ပြေးတိမ်း ရှောင်နေရသလို ဒေသခံတွေ အားထားနေရတဲ့ ဆေးရုံလည်း ပိတ်ထားရမယ့် အခြေအနေ ဖြစ်နေတယ်လို့ အဲဒီရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

“စစ်ဘေးဒုက္ခသည်တွေ တချို့က လူနေအိမ်မှာနေတယ်။ တချို့က လိုဘာခိုရဲ့ ဆေးခန်းနားမှာ တဲပုံစံနဲ့ နေကြတယ်။ ဒီမနက်ကျတော့ ဆေးခန်းဘေးက စစ်ဘေးဒုက္ခသည်တွေ အကုန်လုံးက ထွက်ပြေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့က လက်နက်ကျထားတာ သူတို့နား တစ်ဝိုက်မှာလည်း ပါတယ်လေ။ လူနေအိမ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တချို့လည်း အထုတ်အပိုးတွေ ကားပေါ်တင်ပြီး သွားတာ၊ ဆိုင်ကယ်တွေနဲ့ သွားတာမျိုးလည်းရှိတယ်။ အစ်မ ကတော့ လိုဘာခိုမှာ လာနေတဲ့ ရည်ရွယ်ချက်က တူလေးက ခြေထောက်ကျိုးတော့ လိုဘာခိုဆေးရုံမှာ ဆေးကုဖို့ လာနေတာလေ။ အဲဒါ လိုဘာခိုဆေးရုံနားမှာ ဗုံးချတော့လေ ဆေးရုံက ပိတ်မလားတော့ မသိသေးဘူး။ အဲဒါ တူလေးကို ဟိုးဘက်မှာ ဆေးသွားကုဖို့ စီစဉ်ထားကြတယ်”

ဗုံးကြဲတိုက်ခိုက်ခံရလို့ ဒေသခံတစ်ယောက် ဒဏ်ရာအနည်းငယ်ရခဲ့သလို ဆေးရုံအနီးက အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေဟာ ဒီးမော့ဆိုမြို့နယ်ရဲ့ မြောက်ဘက်ဒေသနဲ့ နန့်မယ်ခုံ ဒေသတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်ထဲက လိုဘာခိုကျေးရွာနားမှာ တိုက်ပွဲ တွေ မရှိခဲ့ဘူးလို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြောပါတယ်။

လိုဘာခိုကျေးရွာက ဆေးရုံကို စစ်လေယာဉ်က ပစ်မှတ်ထားကာ ဗုံးနှစ်လုံး ကြဲချခဲ့တာလို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူက ပေါင် ငါးရာလောက်ရှိတဲ့ ဗုံးအကြီးနှစ်လုံးပေါ့နော်။ ဗုံးအစလည်း ကျွန်တော်တို့ ရထားတယ်။ ကံကောင်းတယ်ပြောရမှာပေါ့။ သူတို့ပစ်သွားတာက ဆေးရုံရဲ့ ဘေး ကပ်ရပ် တောင်ပေါ်မှာ ကျသွားတော့ အဲဒီတောင်ပေါ်က လူမရှိတဲ့ တောဘက်ဖြစ်နေ တော့ အထိအခိုက်ကတော့ ကျွန်တော်တို့ဆီမှာ ဒဏ်ရာနည်းနည်းပါးပါးလောက်ပဲ ရတယ်။ ကျန်တဲ့ဟာတော့ ဒီထက်ပိုအခြေအနေတော့ မဆိုးပါဘူး။ အဲဒီတောင်ပဲ ပျက်စီးသွားတယ်”

စစ်ကောင်စီရဲ့ လေတပ်ဟာ လိုဘာခိုကျေးရွာက ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်မှာပဲ မြေပြင်ကနေလည်း လက်နက်ကြီးနဲ့ ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့တယ်လို့ KNDF က တာဝန်ရှိသူ တစ်ယောက်က ပြောပြပါတယ်။

လိုဘာခိုရွာဆေးရုံအနီးက တောင်တန်းတစ်လျှောက်ဟာ စစ်ဘေးဒုက္ခသည်တွေပဲ နေထိုင် ကြတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။

“အဲဒီ တောင်တန်းဒေသတစ်ဝိုက်ဆိုရင် အကုန်လုံး စစ်ဘေးဒုက္ခသည်တွေချည်းပဲ။ သူ့နားတင် မဟုတ်ဘူး တခြားနေရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ကြဲတာလဲ ဆိုတာ ကျွန်တော်တို့လည်း မသိတော့ဘူးပေါ့နော်။ ကျွန်တော်တို့လည်း ရိုးရှင်းသွားပြီလေ။ သူက သူ့ကို ကြိုက်တဲ့သူပဲ ရှိရှိ၊ ဘယ်သူပဲရှိရှိ၊ ကြဲချင်တဲ့နေရာ ကြဲတာပဲ၊ ဒီမှာ ကလေးပဲရှိရှိ၊ တိတိကျကျ မသိတော့ဘူး၊ သိရင်တောင်မှ တမင် ကြဲချင်ရင် ကြဲတော့မှာပဲ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ၊ သူ့ရဲ့ ယုတ်မာမှု၊ မဆင်မခြင်လုပ်မှုလို့ပဲ မြင်မိပါတယ်”

ဒီးမော့ဆို မြို့နယ်နဲ့ လိုဘာခို ကျေးရွာတစ်ဝိုက်မှာ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ တစ်သောင်းကျော်ရှိနိုင်ပြီး ဒီနယ်မြေဟာ စစ်ဘေးဒုက္ခသည် အများအပြားရှိနေရာ ဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကယားပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေဆီ ရိက္ခာပို့တဲ့ လမ်းကြောင်း တွေကို စစ်ကောင်စီတပ်က ဖြတ်တောက်ထားပြီး ရှမ်းပြည်တောင်ပိုင်း လမ်းကြောင်းနဲ့ ရန်ကုန် ကတစ်ဆင့် လမ်းကြောင်းတွေကို ပိတ်ဆို့ထားတယ်လို့ ပြောပါတယ်။

demoso-tsp-airstrike.jpg
(စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပျက်စီးခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် ဒေါကမီးကျေးရွာက နေအိမ်တစ်အိမ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ်) Photo: PDF Loikaw

စစ်ကောင်စီဘက်က‌တော့ လေကြောင်းတိုက်ခိုက်မှုတွေမှာ လေယာဉ်ပေါ်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာရှိပေမယ့် ဗုံးကြဲတာမျိုးတော့ မရှိဘူးလို့ စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက‌ RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။

ဒီမနက်လေယာဉ်နဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတော့ နန့်မယ်ခုံမြို့နယ် ကျွန်းတောရွာအနီးမှာ လေယာဉ်ပေါ်က ကြဲချခဲ့တဲ့ ဗုံးတစ်လုံးဟာ မပေါက်ကွဲသေးဘဲ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ဒေါကမီးရွာ မှာလည်း အဲဒီနေ့ လေကြောင်းက ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံ တစ်ယောက် ရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ KNDF တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကစလို့ တိုက်ပွဲ ဖြစ်ပွားနေသလို KNDF ဟာလည်း နန်းမယ်ခုံ ဒေသကနေ ဆုတ်ခွာခဲ့ရပါတယ်။

လက်ရှိမှာ နန့်မယ်ခုံကနေ ဒီးမော့ဆို မြို့နယ်တစ်လျှောက်က ဒေသခံတွေကို လုံခြုံရေး စိုးရိမ်ရတာကြောင့် ပြောင်းရွှေ့ကြဖို့ KNDF က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။