လေတပ်အရာရှိသုံးဦး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ် ချမှတ်ခံရ

ဧပြီလ (၉) ရက်နေ့က မြိတ်လေတပ်စခန်းက လေတပ်အရာရှိသုံးဦးကို စစ်အကျဉ်းထောင် တရားရုံးချုပ်ကနေ စစ်ခုံရုံးဖွဲ့ပြီး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ်အနှစ် (၂၀) နဲ့ (၇) နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

2012.04.14
internet-coffee2-305 ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်မှာ အင်တာသုံးစွဲသူများ ပြည့်နက်နေချိန် မြင်ကွင်း။
Photo: RFA

လေတပ်အရာရှိ သုံးဦးကို အင်တာနက် ဘလော့ဂ်နဲ့ ဝက်ဘ်ဆိုက်ဒ်တွေမှာ တပ်မတော်သားတွေရဲ့ ဘဝအခြေအနေတွေကို ဖော်ပြရေးသားမှုနဲ့ ထောင်ချခဲ့တာဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ကြရတဲ့ လေတပ်အရာရှိ သုံးဦးအနက် ဗိုလ်ကြီးနေလင်းဒွေးဟာ ကျန်းမာရေးမကောင်းဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အရာရှိ ဗိုလ်ကြီးနေလင်းဒွေး ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) ကို အီလက်ထရောနစ်ပုဒ်မ ၃၃ (က) အပါအဝင် ပုဒ်မ ၅/ည နဲ့ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်လိုက်ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ ကျန်တဲ့ ယာယီဗိုလ်မှူးအဆင့်နဲ့ ဗိုလ်ကြီး နှစ်ဦးကိုတော့ ဘယ်ထောင်မှာ ထိန်းသိမ်းထားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

သူတို့အားလုံးကို စစ်ခုံးရုံးက စီရင်ချက်ချတဲ့အခါမှာ ရှေ့နေငှားခွင့်၊ ထုချေခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပြည်တွင်းမှာ မပြောင်းလဲတာဆိုလို့ တရားစီရင်ရေးစနစ်ဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်ကအတိုင်း စီရင်နေဆဲပဲဆိုတာ တွေ့နေရတယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းလွင်ဦးကပြောပါတယ်။

ဗိုလ်ကြီး နေလင်းဒွေးနဲ့ လေတပ်အရာရှိ နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့က တာဝန်ထမ်းဆောင်နေချိန်အတွင်း ရုတ်တရက်ဖမ်းဆီးခဲ့ပြီး မိသားစုတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလည်း မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာ တရားဝင် တွေ့ခွင့်မရသေးပါဘူး။

အဖမ်းခံရတဲ့ လေတပ်အရာရှိ သုံးဦးလုံးဟာ အင်တာနက်အီးမေးလ်တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲတတ်သူတွေဖြစ်ပါတယ်။ ဗိုလ်ကြီး နေလင်းဒွေးဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ ခြေထောက် ထိခိုက်ခဲ့တဲ့ ဒဏ်ရာကြောင့် အရိုးမှာ ထုံကျဉ်ကိုက်ခဲတဲ့ ဝေဒနာခံစားနေရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-17 02:54

PLEASE TAKE CARE OF THEM, BECAUSE THEY ARE DOING THE RIGHT THING FOR COUNTRY.