ပျက်ကျတဲ့ Air Bagan လေယာဉ်ဆီက Black Box သေတ္တာကို မစစ်ဆေးနိုင်သေး

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက် မနက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ ပျက်ကျသွားတဲ့ Air Bagan လေယာဉ် ရဲ့ ပျံသန်းမှုမှတ်တမ်းကို ဖေါ်ပြထားတဲ့ သေတ္တာ Black Box ကို အခုအချိန်ထိ မစစ်ဆေးနိုင်သေးဘူး လို့ RFA ကစုံစမ်းသိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်က ဟဲဟိုးလေဆိပ်တွင် ပျက်ကျခဲ့သည့် Air Bagan လေယာဉ်၏ အပျက်အစီးများကို တွေ့မြင်ရစဉ်။ Photo:RFA/Kyaw Myo Htun

စင်ကာပူနိုင်ငံကို Black Box နဲ့ပတ်သက်ပြီး အချက်အလက်တစ်ချို့ ပေးပို့ခဲ့ပေမယ့် ဒီလေယာဉ်ပျက်ရဲ့ သေတ္တာကို မစစ်ဆေးနိုင်ဘူးလို့ အကြောင်းပြန်လာတယ်လို့ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့ထားတဲ့အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ Data Recorder တို့ ဖတ်ဖို့ကိစ္စကို ညှိနိုင်းတုန်းပဲ၊ စင်ကာပူနဲ့ အဆင်မပြေဘူး၊ စင်ကာပူက Recorder တွေရဲ့ ပြင်ပဓာတ်ပုံနဲ့ တွဲပို့လိုက်တဲ့အချိန်မှာ သူတို့ဆီက facility နဲ့လုပ်လို့မရဘူးလို့ဘူး၊ ညှိနိုင်းဆဲပဲ၊ တခြားနေရာ ဘယ်နေရာမှာရမလဲ  စုံစမ်းဆဲပဲ"

ပျက်ကျသွားတဲ့ Air Bagan လေယာဉ်ကို မြန်မာ့အာမခံ လုပ်ငန်းကတဆင့် စင်ကာပူနိုင်ငံ အာမခံကုမ္မဏီတစ်ခုမှာ ဒေါ်လာလေးသန်းနဲ့အာမခံထားတယ်လို့ သိရပြီး၊ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားတဲ့ မနွယ်လင်းရှိန်ရဲ့ မိသားစုကို Air Bagan လေကြောင်းလိုင်းက နစ်နာကြေး ကျပ်သိန်းတစ်ရာနဲ့ မြေပြင်ပေါ်မှာ ဆိုင်ကယ်မောင်းနှင်နေစဉ် လေယာဉ်ပျက်ရဲ့ အပိုင်းအစတစ်ချို့နဲ့ ထိခိုက်မိပြီး သေဆုံးသွားတဲ့ ဦးပြားရဲ့မိသားစုကိုလည်း နစ်နာကြေး ကျပ်သိန်းလေးဆယ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလေယာဉ်ပျက်ကျမှုဟာ မြန်မာနိုင်ငံမှာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှု ဖြစ်တယ်လို ပြည်တွင်းလေကြောင်းပို့ဆောင်မှု ဦးစီးဌာနရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org