သမ္မတ အကြံပေးအဖွဲ့ AIPMC နဲ့ တွေ့ဆုံမည်

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့တို့ဟာ ဒီကနေ့ အင်ဒိုးနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အရေးဆောင်ရွက်နေသော အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ (AIPMC) ၏ ကမေႝာဒီးယား အဖွဲ့ခွဲ ၂ဝဝ၆ခုနှစ် သြဂုတ်လ ၂၅ရက်နေ့ ဖွင့်လှစ်ပွဲ မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ ရှေ့တန်း အလယ်မှာ AIPMC ဥက္ကဌ ဇာအစ် အီဘရာဟင်၊ ရှေ့တန်း ဝဲမှ စတုတ္ထမှာ ကမေႝာဒီးယား အဖွဲ့ခွဲ ဥက္ကဌ ဆွန်ချေး၊ ရှေ့တန်း ယာမှ ဒုတိယမှာ မြန်မာနိုင်ငံ ဆိပ်ကမ်းမြို့နယ် လွှတ်တော်အမတ် ဒေါ်စန်းစန်းတို့ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက ဦးဆောင် ပြုလုပ်ရမယ်လို့ AIPMC က ယုံကြည်တာကြောင့် အခုလို သမ္မတ အကြံပေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရတာ ဖြစ်ကြောင်း AIPMC ဥက္ကဌ အင်ဒိုနီးရှား လွှတ်တော်အမတ် Eva Sundari က ပြောပါတယ်။

ဆွေးနွေးခြင်းအားဖြင့် လွှတ်တော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍက ဒီမိုကရေစီကို ဘယ်လို လမ်းပြနိုင်သလဲ ဆိုတာ ပေါ်လွင်လာမှာ ဖြစ်ပါတယ်။ သမ္မတ အကြံပေးအဖွဲ့ လာရောက်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး သာမက အစိုးရတွင်းမှာလည်း ပြောင်းလဲမှုတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း Eva Sundari က ပြောဆိုခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို ဂျာမဏီနိုင်ငံ အခြေစိုက် Friedrich Ebert Stiftung အဖွဲ့က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ သမ္မတ အကြံပေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးဆက်အောင်နဲ့ ဒေါ်ခင်မျိူးမြင့်တို့ တက်ရောက်ကြမှာပါ။ AIPMC ဘက်ကတော့ ဥက္ကဌ Eva Sundari နဲ့ အတူ ထိုင်းလွှတ်တော် အမတ် Kraisak Choonhavan၊ မလေးရှား လွှတ်တော်အမတ် Zaid Ibrahim တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။

သမ္မတ အကြံပေး အဖွဲ့ဟာ အင်ဒိုနီးရှား နိုင်ငံရေး အသွင်ကူးပြောင်းမှု အတွင်းက လွှတ်တော်ရဲ့ အခန်းကဏ္ဍကိုလည်း လေ့လာမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org