နယ်ခံမဟုတ်သူ ကိုယ်စားလှယ်ရွေးချယ်မှု ကန့်ကွက်ဆန္ဒပြ
2015.06.07

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွက် ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူတွေဟာ မြို့ခံတွေ မဟုတ်တဲ့ အတွက်ဆိုပြီး ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ကန့်ကွက် ဆန္ဒပြကြပါတယ်။
မြို့ခံ မဟုတ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို အလိုမရှိကြောင်း ကန့်ကွက်တာ ဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူ တစ်ဦးဖြစ်တဲ့ ANP ပါတီဝင် ဦးမောင်အေးလှိုင် က ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေသခံတွေကမကြိုက်လို့ပါ၊ ကျနော်တို့ဒေသကို ကိုယ်စားမပြုတဲ့ ကိုယ်စား လှယ်တွေဖြစ်နေလို့ ကျနော်တို့က ဆန္ဒပြရခြင်းဖြစ် ပါတယ်၊ ဒေသခံမဟုတ်သူလွှတ်တော် ကိုယ်စားလှယ်အား အလိုမရှိ၊ ဆိုတာပါတယ်၊ နောက်တစ်ခုက လုပ်စားနိုင်ငံရေးသမား အလိုမရှိဆိုတာပါတယ်၊ နောက်ဆန္ဒမဲ ကို ငွေပေးဝယ်ခြင်းအားဖြင့် ဒို့လက်မခံဆိုတာပါတယ်"
ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ပါတီတွင်းရွေးကောက်ပွဲ ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဦးဦးသန်းနိုင်နဲ့ ဦးဖိုးမင်း တို့က ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဒေါ်ခင်စောဝေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးခင်မောင်လတ် တို့ ရွေးချယ်ခံခဲ့ရပါတယ်။
ဦးဖိုးမင်းဟာ စစ်တွေမြို့မှာ အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး ဒေါ်ခင်စောဝေနဲ့ ဦးခင်မောင်လတ်က ရန်ကုန်မြို့ မှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
သူတို့ ၃ ဦးဟာ လက်ရှိ ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပေမယ့် ဒေသခံတွေနဲ့ တွေ့ဆုံမှု နည်းတာကြောင့် မမြင်ဖူးသူတွေများတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမှာ ရသေ့တောင်မြို့နယ် ကံပြင်၊ ကန့်ချောင်း၊ ကူတောင်၊ ရွှေလောင်း တောင်၊ ကြက်ရိုးဆိပ် စတဲ့ကျေးရွာပေါင်း ၃၀ ကျော်က ရခိုင်အမျိုးသားပါတီ ဝင်တွေ ပါဝင်ခဲ့ကြပါတယ်။