တန်ဖိုးနည်းအိမ်ခန်း ဝယ်မယ့်သူအတွက် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ဝေဖန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာက အခန်းတွေကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်ပါမှ ဝယ်ယူခွင့်ပြုမယ်ဆိုတဲ့ တိုင်းအစိုးရအဖွဲ့ရဲ့ သတ်မှတ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။
-
2018-02-27 -
-
-
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာက အခန်းတွေကို တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်ပါမှ ဝယ်ယူခွင့်ပြုမယ်ဆိုတဲ့ တိုင်းအစိုးရအဖွဲ့ရဲ့ သတ်မှတ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။
ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေဟာ စီမံခန့်ခွဲမှု လွဲမှားနေတယ်လို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
"အခက်အခဲကတော့ ဖြစ်တာပေါ့၊ အန်ကယ်တို့က Counter ဆိုဒ်နဲ့ ထိုးရမယ့် သဘောဖြစ်သွားတာပေါ့၊ ကိုယ်စားလှယ်ဆိုတာ သူတို့ထောက်ခံမှ ကိုယ်စားလှယ်ဖြစ်တာကိုး၊ ကိုယ့်ဆီထောက်ခံချက် လာတောင်းတော့ မထောက်ခံဘူးဆို ကိုယ်စားလှယ် ဘယ်လိုဖြစ်သွားမလဲ၊ အဲဒါလေးတစ်ချက် စဉ်းစားကြည့်ပေါ့နော်၊ နောက်တစ်ချက်ကျတော့ အန်ကယ်ပြောချင်တာက အခုအချိန်မှာ ဒါတွေဟာ အိုးပိုင်အိမ်ပိုင် မရှိတဲ့လူတွေကို ပေးချင်တဲ့သဘော အစိုးရဲ့ရည်ရွယ်ချက်ကတော့ သူတို့ဟိုမှာ ကျူးကျော်တွေ စာရင်းကောက်ထားတာ သိန်းချီတောင်ရှိနေပြီ၊ စာရင်းတွေ အဲဒီမှာပဲ စမတ်ကဒ်တွေ ဘာတွေ အဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေဘာတွေပါတာပဲ၊ အဲဒီအဖွဲ့တွေ ဦးစားပေး ပြီးတော့ ကြည့်လိုက်ပါလား၊ သူတို့လည်း ဟိုမှာ စက်ရုံမှာ အလုပ်လုပ်နေကြတာပဲ၊ အဲဒါလေးတွေ ကျတော့ စီမံမှုလေးက နည်းနည်းလေး လွဲနေတယ်လို့ပဲ အန်ကယ်ထင်ပါတယ်"
အိမ်ပိုင်ဆိုင်မှုမရှိသူတွေကို အိမ်ခန်းပိုင်ဆိုင်ခွင့်ရရှိအောင် ဆောင်ရွက်တဲ့ တိုင်းအစိုးရအဖွဲ့ရဲ့ ရည်ရွယ်ချက် ဟာ ကောင်းမွန်ပေမယ့် စည်းကမ်းသတ်မှတ်ချက်တချို့က လိုအပ်ချက်တွေ ရှိနေတာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် က ပြောပါတယ်။
"ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်တဲ့လုပ်ဆောင်ချက်က တကယ်တော့ သဘောထားအနေ နဲ့ ကောင်းတယ်ဗျ သူရဲ့မူသဘောအရဆိုလို့ရှိရင်တော့ အမှန်တကယ် အိမ်ရာပိုင်ဆိုင်ခြင်း မရှိတဲ့သူတွေကို အိမ်ရာပိုင်ဆိုင်မှုရအောင်အတွက်ကို လုပ်စေချင်တာ အဲလိုမျိုးလုပ်တဲ့အချိန်မှာလည်း အမှန်တကယ်အိမ်ရာ ပိုင်ဆိုင်ခြင်း ရှိ၊ မရှိကို ဘာဘဲပြောပြော သူနေထိုင်တဲ့မြို့နယ်မှာ ရှိတဲ့ကိုယ်စားလှယ်တွေကတော့ သိမှာပဲလို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ ကိုယ်စားလှယ်တွေရဲ့ စိစစ်ထောက်ခံချက်ဆိုတဲ့အချက်ကို ထည့်ထားတာပေါ့လေ သို့သော် ကျနော်ပြောချင်တာကကျတော့ ကိုယ်နေထိုင်တဲ့ မြို့နယ်မှာ သူအိမ်ပိုင်ခြင်း မပိုင်ခြင်းလောက်ကိုတော့ သိကောင်းသိနိုင်ပေမယ့် အခြားနေရာတစ်ခုမှာ သူ့ရဲ့ အိမ်ပိုင်ဆိုင်မှုရှိလား မရှိလားဆိုတာမျိုးကျတော့ ကိုယ်စားလှယ်အနေနဲ့ လိုက်ပြီးစိစစ်လို့ မဖြစ်နိုင်တော့ဘူးလေ"
ရန်ကုန်တိုင်းအစိုးရအဖွဲ့က တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်နေပြီ အဲဒီကနေ ငွေကျပ်သိန်း ၁၀၀ လောက်နဲ့ ရောင်းချမယ့်အခန်းတွေကို မြေ သို့မဟုတ် အိမ်ပိုင်ဆိုင်မှုမရှိသူတွေကို ရောင်းချပေးမှာဖြစ် ပါတယ်။
အဲဒီအခန်းတွေကို ဝယ်ယူမယ့်သူတွေ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေထဲမှာ အမှန်တကယ် အိမ် သို့မဟုတ် မြေပိုင်ဆိုင်မှုမရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ထောက်ခံချက်အပြင် သက်ဆိုင်ရာ မြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်လည်းပါရှိရမယ် ဆိုတဲ့အချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက် ပါဝင်ရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပေမယ့် အဲဒီတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က လွှတ်တော်ထံ အသိပေးတင်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့ ဦးကျော်ဇေယျာက ပြောပါတယ်။