၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပြင်ဖို့ အကြံပြုချက် ၂၅၀၀ ကျော်ပေးပို့

နိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၂၅၀၀ ကျော် ပေးပို့ထားတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ ပါတယ်။

နိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၂၅၀၀ ကျော် ပေးပို့ထားတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဒီဇင်ဘာလ ၅ ရက်နေ့အထိ နိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေက ပေးပို့ထားတဲ့ အကြံပြုစာပေါင်း ၄၄၀ ရရှိထားကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အခန်းပေါင်း ၁၂ ခန်းထဲက နိုင်ငံတော်အခြေခံမူများဆိုတဲ့ အခန်း(၁)မှာ ပြင်ဆင်ဖို့ အချက်ပေါင်း ၅၉၀ ပေးပို့ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဖွဲ့စည်းခွင့် စတဲ့အချက်တွေပါတဲ့ အုပ်ချုပ်ရေးကဏ္ဍ အခန်း(၅) အတွက် အကြံပြုချက်ပေါင်း ၄၃၈ ချက် ပေးပို့ထားတယ်လို့ သိရပါတယ်။

အဲဒီ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့က ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ပူးပေါင်းကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ထုံးလုပ်နည်းတွေကို သြဂုတ်လ ၂၇ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုက ဖဲ့ွစည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တယ်လို့ ယူဆတဲ့အချက်တွေကို ဒီဇင်ဘာလ ၃၁ရက်နေ့ မတိုင်ခင် အကြံပြုစာတွေ ပေးပို့ရမှာဖြစ်ပါတယ်။

အဲ့ဒီပူးပေါင်းကော်မတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၅၂ယောက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ယောက်၊ NLD ကိုယ်စားလှယ် ၇ယောက်အပါအဝင် လွှတ်တော်ထဲမှာရှိတဲ့ တခြားနိုင်ငံရေးပါတီအသီးသီးက အနည်းဆုံးကိုယ်စားလှယ် တစ်ယောက်စီနဲ့ စုစုပေါင်း ပူးပေါင်းကော်မတီဝင် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org