နိုဝင်ဘာ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ

စစ်အစိုးရ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ အနေနဲ့ အမေရိကန်နိုင်ငံ ပြည်နယ် အတော်များများမှာ နေထိုင်ကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တရာကျော် လောက် စနေနေ့က ဝါရှင်တန်ဒီစီ မြို့တော် မြန်မာစစ်အစိုးရ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

2010.10.31

အမေရိကန်နိုင်ငံ မေရီလန်း၊ အင်ဒီယားနား၊ ဂျော်ဂျီယာ၊ နယူးယောက်နဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေက မြန်မာတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြတာပါ။

လာမယ့် ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် အစိုးရဟာလည်း စစ်တပ်ရဲ့ ကြိုးကိုင်မှု အောက်မှာသာ ရှိမှာဖြစ်တဲ့အတွက် ဘာတွေ ထေူးခြားပြီး လုပ်နိုင်မှာလဲလို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းကို အာအက်ဖ်အေက မေးမြန်းခဲ့ပါတယ်။

“၁၉၉၀ တုန်းက သူတို့ ရှုံးတယ်။ ရှုံးတဲ့အတွက်ကြောင့် သူတို့က စစ်တန်းလျားပြန်မယ် ဆိုပြီးတော့ မပြန်ဘဲနဲ့ ဆက်ပြီးတော့ စွဲကိုင်ထားတယ်။ ဒီတခါလည်းပဲ အရပ်သားတွေ ပါလာမယ်ဆိုတဲ့အခါ ဘယ်လောက်အဆင့်နဲ့ ပါလာနိုင်သလဲ၊ ပါလီမန်ကရော ဘာတွေလုပ်နိုင်သလဲ ဆိုတာ သိဖို့ လိုတယ်။ ခေါ်နိုင်ရုံနဲ့ လက်တွေ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ လွှတ်တော်က တကယ်ဘဲ ဥပဒေတွေ လုပ်နိုင်မလား၊ အရပ်သား အစိုးရကိုရော ဘယ်လိုရွေးမှာလဲ။ ပြည်သူက ရွေးမှာလား။ ဒါ ပြည်သူ ရွေးတာလည်း မဟုတ်ဘူး။ ဆိုတော့ ဘာမှ သိပ်မလုပ်နိုင်ဘူး။ တချို့တွေက ရွေးကောက်ပွဲဟာ Transition။ Reform အတွက် စလုံးရေ စ၊ ဒီ Process နဲ့ တဖြည်းဖြည်း သွားလို့ရတယ် ဆိုတာကို ကျနော်တို့ မယုံကြည်ဘူး။ ဒီ Process ဟာ ပြယုဂ် အနေနဲ့ပဲ ဆက်ရှိနေမယ်”

အဲဒီ ဆန္ဒပြပွဲမှာ ရွေးကောက်ပွဲမှာ မဲမပေးရေး တောင်းဆိုတဲ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီတွေ တောင်းဆိုနေတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးကိုလည်း ထောက်ခံခဲ့ပါတယ်။

အလားတူဘဲ ၂၀၁၀ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ဆန်ဖရန်စ္စကို ဒေသတဝိုက်က မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ဆန်ဖရန်စ္စကိုမြို့ ကုလသမဂ္ဂ အဆောက်အဦးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

တခြားနိုင်ငံတွေမှာလည်း တပြိုင်တည်း ကျင်းပကြတယ်လို့ BADA ခေါ် မြန်မာ-အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်သန်းက ပြောပါတယ်။

“တနေရာထဲ မဟုတ်ပါဘူး။ အမေရိကမှာရော၊ ကမ္ဘာအရပ်ရပ်က မြို့ကြီးတွေမှာရော တပြိုင်တည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အာဏာရှင် လူတစုရဲ့ ကိုယ်ကျိုးစီပွားကို ကာကွယ်ဖို့ တိုင်းပြည်ကို ဆက်ချုပ်ကိုင်ပြီး တိုင်းပြည်ရဲ့ သယံဇာတနဲ့ ရှိသမျှ အကျိုးစီးပွားတွေကို သူတို့နဲ့ သူတို့ အပေါင်းအပါတွေ ရေရှည် စားသုံးသွားနိုင်အောင် ကြိုးစားနေတာကို သိအောင် အခုလို ကျနော်တို့အားလုံး ဝိုင်းဝန်းဆန့်ကျင်တာ ဖြစ်ပါတယ်”

တဆက်တည်းမှာပဲ အမေရိကန်နိုင်ငံ အနောက်ခြမ်းမှာရှိတဲ့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး ထူထောင်တဲ့ အနှစ် ၅၀ ပြည့် အထိမ်းအမှတ် ဖွင့်ပွဲနေ့မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း ရှိတာကို ပြသတဲ့အနေနဲ့ လူထု အင်အားပြပွဲနဲ့ ဖွင့်လှစ်မယ်လို့လည်း ဦးညွန့်သန်းက ပြောပါတယ်။ အဲဒီ AI ညီလာခံကို နိုဝင်ဘာလ ၅ ရက်က ၇ ရက်နေ့အထိ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။

သံရုံးရှေ့ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွ့ဲသား ကိုဝင်းနိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။