မီတာခတိုးမှုဆန္ဒပြသူများ ထောင် ၃ လစီ ချမှတ်ခံရ
2014.08.25

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ဆန္ဒပြခဲ့တဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠုနဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို တို့ကို ကျောက်တံတားမြို့နယ် တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ ဒီနေ့ ထောင် ဒဏ် ၃လစီ ချမှတ်လိုက်ပါတယ်။
ကျောက်တံတားမြို့နယ် တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠုက အခုလိုပြောပါတယ်။
"နိုင်ငံတော်အနေနဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နိုင်ငံတော်တည်ဆောက်ရေး ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက် မျိုးတွေ ချမှတ်မလဲ၊ ချမှတ်တဲ့ဆုံးဖြတ်မှုအားလုံးကို ကျနော်တို့ လက်ခံကျေနပ်နိုင်တယ်ဆိုတာကို သိသာထင်ရှားဖို့အတွက် ဒီနေ့ကျတော့်မွေးနေ့မှာ ကျနော်အမိန့်ချခိုင်းတာပါ၊ ဒါကနိုင်ငံတော်က ကျနော့်ကိုပေးတဲ့ မွေးနေ့လက်ဆောင်လို့ပဲ သဘောထားပါတယ်၊ ကျနော်ရယ်၊ ဦးဝင်းချိုရယ် နှစ်ယောက်အမှုတွဲက ပုဒ်မ ၁၈ နဲ့ ငွေဒဏ်မပါထောင်ဒဏ် ၃ လ၊ ကျနော်တစ်ယောက်တည်းက မိုးထိမိုးမိ ရမည်းသင်းက ရွှေတွင်းလုပ်သား ဒုက္ခသည်တွေအတွက်က ပုဒ်မ ၁၈ နဲ့ပဲ ၁ လ၊ အားလုံးပေါင်း ကျနော်က အမှုကို ၄ လ ဦးဝင်းချိုကတော့ ၁ မှုတည်း ၃ လ"
အစိုးရက ပြီးခဲ့တဲ့ဧပြီလက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့အတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မှာ မြို့ခံပြည်သူတွေ ရာနဲ့ချီပြီးဆန္ဒပြခဲ့ရာမှာ ဦးဝင်းချိုနဲ့ ကိုဝေဠုတို့က ဦးဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသက ရွှေလုပ်သားတွေနဲ့အတူ ဒီနှစ် ဇန်နဝါရီလက မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ကိုဝေဠုကို ကျောက်တံတားမြို့နယ် တရားရုံးမှာပဲ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁လ ဒီနေ့ ချမှတ်ခဲ့တာကြောင့် ကိုဝေဠုက စုစုပေါင်း ထောင်ဒဏ် ၄ လ ကျခံရမှာဖြစ်ပါတယ်။