နှစ်ခြောက်လုံး သပိတ်မှာ ပါဝင်ကြဖို့ သပိတ်ခေါင်းဆောင်တွေ တိုက်တွန်း

2022.02.21
နှစ်ခြောက်လုံး သပိတ်မှာ ပါဝင်ကြဖို့ သပိတ်ခေါင်းဆောင်တွေ တိုက်တွန်း နှစ်ခြောက်လုံး သပိတ်မှာ ပါဝင်ကြဖို့ မုံရွာဒေသခံတွေ ဆန္ဒပြတိုက်တွန်းနေကြစဉ်။
Photo - CJ

ဖေဖော်ဝါရီလ ၂၂ ရက် မနက်ဖြန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပဖို့ရှိနေတဲ့ နှစ်ခြောက်လုံး (၂၂၂၂၂၂) သပိတ်မှာ ရတဲ့ နည်းနဲ့ ပါဝင်ကြဖို့ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြဦးဆောင်သူတွေက တိုက်တွန်းနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူသန်းနဲ့ချီ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့တဲ့ နှစ်ပတ်လည်နေ့အဖြစ် မနက်ဖြန်မှာလည်း ဆန္ဒပြကြမှာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်က ဆန္ဒပြပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတာကြောင့် အရင်တခေါက်လို လူသန်းနဲ့ချီ လမ်းမပေါ်ထွက် ဆန္ဒပြလို့မရပေမယ့် ရတဲ့နည်းတွေနဲ့ ဆန္ဒဆက်ပြနေမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ လူငယ်သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနန်းလင်းက RFA ကိုပြောပါတယ်။

"သနပ်ခါးတွေ လိမ်းကြမယ်၊ ဦးထုပ်ဆောင်းမယ်၊ နှင်းဆီပန်းတွေကို လမ်းတွေမှာ သွားရင်းလာရင်းချခဲ့မယ်၊ ည ရှစ်နာရီမှာ သံဗုံးတီးမယ်၊ ပုံမယ်ဆိုလည်း သနပ်ခါးလိမ်းတာတွေ ဘာတွေ လုပ်နေကြ၊ မနက်ဖြန်မှာတော့ ဒီဟာတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သရုပ်လက္ခဏာတွေအဖြစ် ပုံဖော်သွားဖို့ လှုံဆော်နေတာ"

လတ်တလော အခြေအနေအရ စစ်ကောင်စီတပ်သားတွေ နေရာတော်တော်များများမှာ ရှိနေတာကြောင့် လမ်းမပေါ်ထွက် ဆန္ဒပြလို့ မရပေမယ့် ပြည်သူလူထုဟာ အာဏာသိမ်းတနှစ်ကျော်သည့်တိုင် စစ်အာဏာရှင်ကို ဆန့်ကျင်နေဆဲပဲဆိုတာကို ပြသဖို့ရည်ရွယ်တယ်လို့လည်းဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ AAPP ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့သူ ဒီကနေ့အထိဆိုရင် ၁၅၆၆ ယောက်ရှိသွားပြီဖြစ်ပြီး၊ လူပေါင်း တစ်သောင်းနှစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။