ဘိုကလေး ကျောင်းဖယ်ရီ စက်လှေနစ်မြုပ် ကျောင်းသား ၅ ဦးသေဆုံး

ဇူလိုင် (၁၁) ရက် တနင်္လာနေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် ကြာအင်း ကျေးရွာ မူလတန်း လွန်ကျောင်းကနေ ရွာအပြန် လမ်းမှာ စက်လှေ နစ်မြုပ်ခဲ့တာပါ။

မူလတန်းကျောင်းတခုမှ ပထမတန်း စာသင်ခန်းတွင် ကျောင်းသူ ကျောင်းသားလေးများ စာသင်ကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
မူလတန်းကျောင်းတခုမှ ပထမတန်း စာသင်ခန်းတွင် ကျောင်းသူ ကျောင်းသားလေးများ စာသင်ကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) ((Photo: AFP))

ကြည်စုကျုံဖား ကျေးရွာအုပ်စု ချောင်းဖျားရွာကနေ တဖက်ကမ်း ကြာအင်း ကျေးရွာ မူလတန်း လွန်ကျောင်းကို ကျောင်းသွားတက်ပြီး အပြန် ချောင်းဖျား ကျေးရွာက ကျောင်းသား ကလေးငယ် (၂၃) ဦးကို တင်ဆောင်လာတဲ့ ကျောင်းအကြို အပို့ စက်လှေဟာ ကြည်စုချောင်း အတွင်း နစ်မြုပ် ခဲ့တာလို့ ဘိုကလေး ဒေသခံတဦးက အာအက်ဖ်အေကို ပြောပါတယ်။ "အတန်းဆင်းလို့ ကျောင်းအကြိုအပို့လုပ်တဲ့ ဖယ်ရီစက်လှေနဲ့ ပြန်လာတာ ဖယ်ရီစက်လှေနဲ့ ပြန်လာတော့ ၁၂နာရီခွဲလောက်မှာ ကြည်စုချောင်းထဲမှာပဲ နစ်သွားတာပါ၊ စက်လှေက ကျောင်းသားတွေ ဦးမှာ စိုက်နေတဲ့အခါ စက်က တင်မောင်းလိုက်တဲ့ အခါ ထိုးပြီး နစ်သွားတယ် လို့ ကြားပါတယ်၊ အဲဒီမှာ ကျောင်းသား (၅) ယောက် သေသွားတယ်။ အားလုံးပေါင်း (၂၃) ယောက် ပါလာတာ ကျောင်းသား (၁၈) ယောက်က အသက်ရှင်တယ်။ သေသွားတဲ့အထဲမှာ မိန်းကလေး (၄) ဦးနဲ့ ယောက်ျားလေး (၁) ဦး။ ကလေးတွေ မူလတန်း ကျောင်းသားတွေ ဆိုတော့ အသက် (၆)နှစ် (၇)နှစ်က နေပြီးတော့ (၁၀) နှစ် ပတ်ဝန်းကျင်ပေါ့ အဲလောက်တွေပဲ။" စက်လှေ နစ်မြုပ်ခဲ့လို့ သေဆုံးသွားခဲ့တဲ့ ကလေးငယ် (၅) ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို စက်လှေ နစ်မြုပ် အပြီး (၂) နာရီ (၃) နာရီအတွင်း မှာ ရှာဖွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ချောင်းဖျားကျေးရွာက အသက် (၆၀) အရွယ် စက်လှေ မောင်းသမားကို မြို့နယ် အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ရဲစခန်းက လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။