ABSDF ခေါင်းဆောင်ဟောင်းများနှင့် UNA ခေါင်းဆောင်များ တိုင်းရင်းသားပြဿနာ ဆွေးနွေး
2012.09.04

ဆွေးနွေးပွဲကို ရန်ကုန် မရမ်းကုန်းမြို့နယ်မှာရှိတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တာပါ။ တိုင်းရင်းသားပြဿနာအပေါ် အစိုးရရဲ့ကိုင်တွယ် ဆောင်ရွက်နေပုံနဲ့ ပတ်သက်ပြီး UNA မဟာမိတ်အဖွဲ့က ဘယ်လိုဆွေးနွေးခဲ့သလဲ ဆိုတာကို ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပြပါတယ်။
"ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ကြိုးစားနေပေမဲ့ လက်ရှိအခြေအနေက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ ဒီလိုဖြစ်နေတဲ့ အနေအထားမှာ တကယ်တော့ တိုင်းရင်းသား ပါတီတွေနဲ့ အပစ်အခတ် ရပ်စဲလိုက်၊ ကချင်နဲ့တော့ တိုက်ပွဲတွေ ဖြစ်နေလိုက်။ ဒီလိုအနေအထားဟာ မကောင်းတဲ့ လက္ခဏာပဲ။ အထူးသဖြင့် ပြည်တွင်းစစ် ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ စေတနာနဲ့ လုပ်နည်းလုပ်ဟန် မှန်ဖို့လိုတဲ့ အကြာင်း၊ အဲတော့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ရေရှည်မှာ ငြိမ်းချမ်းရေး၊ တကယ့် တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို ရနိုင်သလားဆိုတာ သံသယတွေ ရှိတဲ့အကြောင်းတွေကို ဆွေးနွေးကြပါတယ်"
ဒီဆွေးနွေးပွဲကို UNA မဟာမိတ်အဖွဲ့က တိုင်းရင်းသား ခေါင်းဆောင် ၁၂ ဦး တက်ရောက်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ ပါတီ၊ ဇိုမီးကွန်ဂရက်စ် ၊ ကရင်အမျိုးသားပါတီ စတဲ့အဖွဲ့က ခေါင်းဆောင်တွေ ပါဝင်ကြောင်း သိရပါတယ်။